Home
မြန်မာသတင်း
ကျပ်၁၀၀၀ တန်ထီကို လာမယ့်နှစ်ဆန်းတွင် စတင်ရောင်းနိုင်ရန် ဆောင်ရွက်နေ
နေဖြိုးဝင်း
·
October 5, 2018
ငွေကျပ် ၁၀၀၀ တန် အောင်ဘာလေထီလက်မှတ်တွေ ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ရောင်းနိုင်ချနိုင်ဖို့  ဆောင်ရွက်နေပြီး ပထမဆုကို ဆုကြေး ကျပ်သိန်း ၁၅၀၀၀ ပေးဖို့ စီစဉ်နေတယ်လို့ ပြည်တွင်း အခွန်များဦးစီးဌာနက သိရပါတယ်။ နိုဝင်ဘာ ၄ ရက် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနမှာပြုလုပ်တဲ့ ၂၀၁၈-၁၉ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကို ရှင်းလင်းတဲ့ အခမ်းအနားမှာ ပြည်တွင်း အခွန်များဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောတာပါ။ "အခု ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလလောက်ကစပြီး ၁၀၀၀ တန် အောင်ဘာလေထီရောင်းဖို့ မျှော်လင့်ထားပါတယ်။ အဲလို အောင်ဘာလေထီ ရောင်းဖြစ်သွားလို့ရှိရင်တော့ နိုင်ငံတော်က အခွန်ရရှိမှု တိုးတက်လာမှာဖြစ်ပါတယ်။ တချိန်ထဲမှာပဲ ပြည်သူတွေ အမြဲထောက်ပြနေတဲ့ ပြင်ပမှာ ထီးဈေးကြီးတယ်ဆိုတဲ့ကိစ္စအထိုက် အလျောက်လျော့ကျသွားမှာဖြစ်ပါတယ်"လို့ ဆိုပါတယ်။ ထီတစ်စောင် ၁၀၀၀ ကျပ် ပြောင်းလဲလိုက်သလို ဆုငွေကိုလည်း တိုးမြှင့်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အကြီးအကဲတွေရဲ့ လမ်းညွန်ချက်အရ တခြားဆုတွေ အရေအတွက်ကိုလည်း တိုးသွားမယ်လို့ ဆိုပါတယ်။ "အမြင့်ဆုံးဆုပေါ့ First Winner Prize ကို သိန်း ၁၅၀၀၀ လုပ်မယ်။ ကျန်တာတွေကို အသေးတွေလည်းအများကြီး လုပ်ပါ။ အဲကျရင် ပြည်သူတွေက ထီထိုးရင် ပေါက်နိုင်ခြေများ လို့ရှိရင် ပိုပြီးတော့ စိတ်ဝင် စားတယ်။ နောက်တစ်ခုက နည်းတာများတာ မဟုတ်ဘူး။ ထီပေါက်တယ်ဆို ပျော်တာပေါ့လေ။ ဒါမျိုးလည်း လုပ်ပါဆိုတော့ လုပ်တာပါ။ တကယ်လို့ ၁၀၀၀ လည်းပြောင်းလိုက်ပြီ အလုံးရေ ကလည်း အခုလိုမျိုး ၅၀ တို့ဘာ တို့ ထုတ်နိုင်မယ်ဆိုလို့ရှိရင်တော့ ပေါက်မဲကလည်း မှန်းကြည့်တာ နှစ်ဆ လောက်တက်သွားမယ်။ အခု တစ်သိန်းခွဲလောက် ပေါက်မဲအလုံးရေ တစ်သိန်းခွဲရှိတယ်ဆိုရင် အဲကျရင် သုံးသိန်း လောက်ဖြစ်သွားမယ်" လို့ ညွန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်ကပြောပါတယ်။ ကျပ်၂၀၀ တန်ထီတုန်းက အခွန်ရရှိမှု ဘီလီယံ ၄၀ လောက်ပဲ အများဆုံးရခဲ့ပြီး ၅၀၀ ထီမှာ ဘီလီယံ ၁၀၀ လောက် ထိ တိုးလာတယ်လို့ သိရပါတယ်။ အစိုးရက ထီဈေးနှုန်းကို ၁၀၀ ကျပ်နဲ့ ရောင်းစဉ်က ပြင်ပရောင်းဈေးမှာ ၂၀၀ ကျပ်နဲ့ ၁၀၀ ရာခိုင်နှုန်း၊ ၂၀၀ ကျပ်မှာ ပြင်ပရောင်းဈေး ၃၅၀ ကျပ်နဲ့ ၇၅ ရာခိုင်နှုန်း၊ ၅၀၀ ကျပ်မှာ ၆၅၀၊ ၇၀၀ နဲ့ ၃၀၊ ၃၅ ရာခိုင်နှုန်း ရောင်းကြတဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ကျလာတာကြောင့် ၁၀၀၀ ကျပ်နဲ့ ရောင်းရင် ပြင်ပရောင်းဈေးမှာ ပိုကျလာမယ်လို့ ပြောပါတယ်။ နောင်မှာလည်း အာဆီယံနိုင်ငံတွေက ဈေးနှုန်းနဲ့ချိန်ပြီး ထီတစ်စောင်ကို ၄၀၀၀ ကျပ်လောက်ထိ ရောင်းချသွားဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024