ဦးကိုနီအသတ်ခံရမှုတွင် အောင်ဝင်းခိုင်ကို မဖမ်းမိသေးသဖြင့် အမှုကွင်းဆက်ပြတ်နေ
အောင်သူ
·
October 5, 2018
ရှေ့နေဦးကိုနီလုပ်ကြံခံရတဲ့အမှုမှာ အဓိကတရားခံအဖြစ် စွပ်စွဲခံနေရပြီး ထွက်ပြေး လွတ်မြောက်နေတဲ့ အောင်ဝင်းခိုင်ကို မဖမ်းမိသေးတာကြောင့် အမှုစစ်ဆေးမှုမှာ ကွင်းဆက်ပြတ်နေတယ်လို့ ကိုအောင်ဝင်းဇော်နဲ့ ကိုအောင်ဝင်းထွန်းတို့ရှေ့နေ ဦးအောင်ခိုင်က ပြောပါတယ်။
အောက်တိုဘာလ ၄ ရက်မှာ ဒီအမှုနဲ့ပတ်သက်ပြီး စွဲချက်တင်ထားတဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ကို မြောက်ပိုင်းခရိုင်တရားရုံးမှာ အကြိမ် ၈၀ မြောက် ရုံးထုတ်စစ်ဆေးမှုအပြီး ပြောဆိုခဲ့တာပါ။
အဲဒီရုံးထုတ်စစ်ဆေးမှုမှာ အောင်ဝင်းဇော်အတွက် တရားခံပြသက်သေ ၂ ဦးနဲ့ အောင်ဝင်းထွန်းအတွက် တရားခံပြသက်သေ ၁ ဦး စုစုပေါင်း တရားခံပြသက်သေ ၃ ဦးကို စစ်ဆေးခဲ့ပါတယ်။
အောင်ဝင်းဇော်ရဲ့ တရားခံပြသက်သေအဖြစ် သူ့အမအကြီးဆုံးဒေါ်သန်းသန်းဝင်းက လာရောက်အစစ်ခံခဲ့ပြီး အောင်ဝင်းဇော်ကို အောင်ဝင်းခိုင်ကခေါ်လို့ လေဆိပ်ကို သွားတာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
အောက်တိုဘာ ၅ ရက်နေ့မှာတော့ အောင်ဝင်းထွန်းအတွက် တရားခံပြ သက်သေတွေကို ဆက်လက် စစ်ဆေးသွားဖို့ ရှိနေပါတယ်။