အိမ်ရာအခက်အခဲဖြေရှင်းပေးရန် အိုင်ယာလန်တွင် လူထောင်ချီ ဆန္ဒပြ

အိုင်ယာလန်နိုင်ငံမှာ ထောင်နဲ့ချီတဲ့ လူတွေဟာ အိုင်ယာလန်လွှတ်တော်ဆီ အောက်တိုဘာ ၃ ရက်နေ့က ချီတက်ပြီး အိမ်ရာ ပြဿနာဖြေရှင်းပေးဖို့  တောင်းဆိုခဲ့ပါတယ်။ အိမ်ငှားခ ဈေးကြီးပြီး အိုးအိမ်မဲ့တွေ တိုးလာတဲ့အတွက် ဒေါသထွက်ပြီး ဆန္ဒပြကြတာဖြစ်ပြီး လာမယ့်လ ရွေးကောက်ပွဲမတိုင်ခင် အိမ်ရာ ပြဿနာဟာ နံပါတ်တစ် နိုင်ငံရေး ကိစ္စ ဖြစ်လာပါတယ်။ ဒီနှစ်ထဲမှာ အိမ်အသစ် ၂၀၀၀၀ နီးပါး ဆောက်ပြီး အစိုးရက စံချိန်တင်ဖို့ လုပ်ထား တယ်လို့ ဝန်ကြီးချုပ် လီယိုဗာရဒ်ကာကတော့  ပြောပါတယ်။ ကျောင်းသားဆန္ဒပြသူ အများစုဟာ အသက် ၃၀ ဝန်းကျင်တွေ ဖြစ်ပြီး အချိန်ပိုင်း လုပ်သားတွေ ဖြစ်တာမို့ အိမ်ငှားခအတွက် ငွေစုနိုင်သူတွေ မဟုတ်ကြပါဘူး။ အိမ်ရှင်ဟောင်းတွေကလည်း သူတို့ကလေးတွေ အိမ်ပိုင်ရရေး စိုးရိမ်နေကြတာပါ။ ၂၀၀၈ အိမ်ခြံမြေ အကြပ်အတည်းကြောင့် အိမ်ပိုတွေ ကျန်ရစ်တဲ့ အိုင်ယာလန် အစိုးရဟာ ရုတ်တရက် စီးပွားရေး နာလံထမှုအတွင်း လိုအပ်တဲ့ အိမ်တွေကို ပံ့ပိုးနိုင်တဲ့ အခြေအနေမှာ မရှိဘူးလို့ ချန်နယ်နယူးစ်အေးရှ သတင်းမှာ ဖော်ပြပါတယ်။ ခုတော့ ဒါဘလင်မြို့မှာ အိမ်ငှားခဟာ အကျပ်အတည်း မဆိုက်ခင်ကထက် ၂၀ ရာခိုင်နှုန်း တိုးလာနေပါတယ်။ ဒါပေမယ့် ဈေးကွက် တောင်းဆိုချက်ကို မီဖို့ နှစ်စဉ် အိမ်အသစ် ၃ သောင်းခွဲ ဆောက်ဖို့ လိုနေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။ အိုင်းရစ် အလုပ်သမားသမဂ္ဂများ ကွန်ဂရက်က ပွဲစီစဉ်သူ ကတော့ ဆန္ဒပြပွဲတွေ ပိုကြီးပြီး အသံပိုကျယ်လာမယ်လို့ ဟောကိန်းထုတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up