စပိန်တွင် ဆန္ဒပြသူများကို ကာတာလန်ရဲများက နံပါတ်တုတ်များသုံးကာ လူစုခွဲ

စပိန်နိုင်ငံ၊ ကာတာလိုးနီးယား ပြည်နယ်ရဲ့ မြို့တော် ဘာစီလိုနာမှာ စပိန်လွတ်လပ်ရေး လိုလားတဲ့ ဆန္ဒပြသူ တအုပ်စုကို ကာတာလန် ရဲတွေက နံပါတ်တုတ် တွေသုံးပြီး လူစုခွဲခဲ့ပါတယ်။ စပိန် ညီညွတ်ရေးလိုလားတဲ့ တန်ပြန်သပိတ်မှောက်နေသူ လူစုဆီသွားဖို့ လွတ်လပ်ရေးလိုလားတဲ့ ဆန္ဒပြလူစုက ကြိုးစားခဲ့လို့ တားဆီးခဲ့တာပါ။ စပိန်ညီညွတ်ရေးလိုလားတဲ့ ဆန္ဒပြသူတွေက ဘာစီလိုနာ မြို့တွင်းလမ်းတွေတလျှောက် ရဲတွေခြံရံ ချီတက်ရင်း ကျနော်တို့က စပိန်တွေပဲ၊ ပွေဒီမောင့် ထောင်ထဲသွား စတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ပါတယ်။ အောက်တိုဘာ ၁ရက်နေ့ကလည်း ခွဲထွက်ရေးလိုလားတဲ့ ဆန္ဒပြသူတွေက လွတ်လပ်ရေး တောင်းဆိုတဲ့ လူထုဆန္ဒခံယူပွဲ တနှစ်ပြည့် နှစ်ပတ်လည် အနေနဲ့ ချီတက်ရင်း ဒေသန္တရ လွှတ်တော် အဆောက်အဦဆီ ဝင်ရောက်ဖို့ ကြိုးစားလို့ ကာတာလန် ရဲတွေက နံပါတ်တုတ်တွေ ရာဘာကျည်ဆံတွေကို သုံးပြီး လူစုခွဲခဲ့ပါတယ်။ အဲဒီနေ့က ခွဲထွက်ရေးသမား ဆန္ဒပြသူတွေဟာ လမ်းတွေ၊ ကားလမ်းတွေ ရထားလမ်းတွေကို ပိတ်ဆို့ဆန္ဒပြမှု ဆက်တိုက်လုပ်ခဲ့ပါတယ်။ ကာတာလန် ပြည်နယ်အတွင်း မနှစ်က လူထုဆန္ဒခံယူပွဲ ပြီးတည်းက အကြီးအကျယ် ကွဲပြားနေပြီး ဆယ်စုနှစ်အတွင်း စပိန်မှာ အဆိုးဆုံး နိုင်ငံရေးအကျပ်အတည်း ဖြစ်လာခဲ့ပါတယ်။ လွတ်လပ်ရေးကို ထောက်ခံအားပေးသူတွေက အောက်တိုဘာ ၁ရက် လူထုဆန္ဒခံယူပွဲ ရလာဒ်ကို လေ့လာဖို့ တောင်းဆိုနေပြီး စပိန်အစိုးရကတော့ ဒါဟာ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up