ထောင်သားတဦး နှိပ်စက်ခံရသည့်ရုပ်သံ ထွက်ပေါ်လာပြီးနောက် အဆိုပါထောင်သားကို ပြန်လွှတ်ပေး (ရုပ်သံ)

ရုရှားနိုင်ငံမှာ ထောင်သားတယောက်ကို ထောင်ဝန်ထမ်း ၁ဝ ယောက်လောက် ဝိုင်းရိုက် နှိပ်စက်တာခံရတဲ့ ရုပ်သံတခု အရင်လတွေက အွန်လိုင်းမှာ ထွက်လာအပြီး အဲဒီထောင်သားကို ရုရှားအာဏာပိုင်တွေက လွှတ်ပေးလိုက်ပါတယ်။ ရုရှားနိုင်ငံ မြို့တော် မော်စကိုရဲ့ အရှေ့မြောက်ဘက်က ယာရိုစလဗ် ထောင်စခန်းကနေ ထောင်သားဟောင်း ယိဗ်ဂီညီ မာကာရို့ဗ်ကို ရုရှားအာဏာပိုင်တွေက အောက်တိုဘာ ၂ ရက်နေ့မှာ ပြန်လွှတ်ခဲ့ပါတယ်။ သူ့ကို မိသားစု၊ သူငယ်ချင်းတွေနဲ့ သတင်းထောက်တွေက ထောင်ပေါက်ဝကနေ စောင့်ကြိုခဲ့တာပါ။ အရင်လက ထောင်ဝန်ထမ်း အနည်းဆုံး ၁ဝ ယောက်လောက်က သူ့ကို နှိပ်စက် ရိုက်နှက်နေပုံ ရုပ်သံဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီထောင်ထဲမှာ ၂ဝ၁၇ ဇွန်လက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်လို့ ပြောထားတဲ့ ဆယ်မိနစ်စာ ရုပ်သံဖိုင်ကို သနိုဗာယာ ဂဇေတာ သတင်းစာက ၂ဝ၁၈ ဇူလိုင်မှာ ဖြန့်ချိခဲ့တာပါ။ ထောင်ကလွတ်လာတဲ့ မာကာရို့ဗ်ကတော့ သူ့ကို အားပေးသူတွေကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။ ရုရှားရဲ့ ထောင်စနစ်ကိုလည်း လူတွေကို တချိန်လုံး နှိပ်စက်နေတဲ့ ကျွန်စနစ်လို့ ခေါ်ဝေါ်လိုက်ပါတယ်။ ရုပ်သံထဲမှာပါတဲ့ အစောင့်အများအပြားက ထောင်ထဲမှာပဲ နဂိုအလုပ်အကိုင်တွေနဲ့ ရှိနေသေးပြီး သူတို့သူငယ်ချင်းတွေ၊ ဆွေမျိုးတွေလည်း ထောင်အပြင်မှာ ရှိနေလို့ ထောင်သားဟောင်းကို ကာကွယ်ပေးဖို့ အစိုးရကို တောင်းဆိုမယ်လို့ မာကာရို့ဗ်ရဲ့ ရှေ့နေ အယ်လ်ဒါ လူဇင်က သတင်းထောက်တွေကို ပြောပါတယ်။ ထောင်ထဲမှာ နှိပ်စက်တယ်ဆိုတာ ဖြစ်နေကျပါ၊ လူတိုင်းလည်း ဒါကိုသိပါတယ်၊ ဒါပေမယ့် မာကာရို့ဗ်က တွန်းအားဖြစ်ခဲ့တယ်၊ သူ ထောင်ဝန်ထမ်းတွေ နှိပ်စက်တာ ခံရတဲ့ရုပ်သံ ထွက်လာအပြီးမှာ ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက အလုပ်စလုပ်တာပဲလို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အိုလေ နိုဗီကို့ဗ်က ပြောပါတယ်။ ကုလသမဂ္ဂ နှိပ်စက်မှုဆန့်ကျင်ရေး ကော်မတီကလည်း နံပါတ်တုတ်နဲ့ ရိုက်ခဲ့တဲ့ ထောင်စောင့်တွေနဲ့ တနှစ်ကြာနေတဲ့ တိပ်ခွေကို ဖုံးကွယ်ထားတဲ့ အထက်လူကြီးတွေကို ထိန်းသိမ်းရာမှာ တိုးတက်မှုရှိမရှိ တနှစ်အကြာမှာ ပြန်အစီရင်ခံဖို့ ရုရှားအာဏာပိုင်တွေကို ပြောပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး အရာရှိ အတော်များများကို အလုပ်က ထုတ်ပယ်ခဲ့တယ်၊ ၁၁ ယောက်ကိုတော့ ရုံးတင်စစ်မေးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ နှိပ်စက်မှုနဲ့ပတ်သက်တဲ့ အစီရင်ခံစာတွေ အမြောက်အမြား ရှိပေမယ့် တာဝန်ရှိသူတွေကို ရာဇဝတ်မှုထက်စာရင် အာဏာအလွဲသုံးစားလုပ်မှုနဲ့ ခုလို တရားစီရင်ခဲ့ရတဲ့ အမှုမျိုးကတော့ ရှားပါတယ်။ ရုရှားအစိုးရကတော့ အာဏာအလွဲသုံးမှုဆိုင်ရာ တိုင်ကြားချက်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပြီး စနစ်တကျ ပြဿနာလုပ်နေတယ်ဆိုတဲ့ စွဲချက်ကိုတော့ ငြင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up