Home
မြန်မာသတင်း
တရားမ၀င်ငွေလွှဲလုပ်ငန်းလုပ်သူ  ၂ ဦးကို ငွေကြေးဥပဒေနှင့် အရေးယူ
DVB
·
October 4, 2018
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ တရားမဝင်ငွေလွှဲ လုပ်ငန်းလုပ်ကိုင်တဲ့ ဗဟန်းမြို့နယ်နေသူ ၂ဦးကို ငွေကြေးနဲ့  ပစ္စည်းများထိန်းချုပ်ရေးဥပဒေနဲ့ အရေးယူလိုက်ပါတယ်။ ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၂) ရပ်ကွက်နေ ဒေါ်စဖီယာဘီ(ခ)မိငယ်(၅၉)နှစ်နဲ့  သားဖြစ်သူ ကိုကိုနိုင်(ခ)ဟာဆန်(၃၂)နှစ်တို့ ၂ဦးပိုင် ငွေနဲ့ ဥစ္စာပစ္စည်းတွေဟာ  တရားမဝင်ငွေလွှဲလုပ်ငန်း လုပ်ကိုင်ရာကနေ ရရှိပိုင်ဆိုင်ထားတာလို့ စစ်ဆေးပေါ်ပေါက်တယ်။ ဒါကြောင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်း က တိုင်တန်းလို့ ဒေါ်စဖီယာဘီ(ခ)မိငယ်နဲ့  ကိုကိုနိုင်(ခ)ဟာဆန်တို့ကို ဗဟန်းမြို့မ ရဲစခန်းက ငွေကြေးနဲ့ ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေပုဒ်မ ၂၃-၄၃ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြထားပါတယ်။ အဆိုပါသားအမိနှစ်ဦးဟာ ၂၀၁၄ မတ် ၁၄ ရက်မတိုင်ခင်ကတည်းက သူတို့နှစ်ဦးအမည်၊ ဒေါ်အိအိချိုပါ မိသားစုဝင် ၄ ဦးတို့ရဲ့ အမည်တွေနဲ့ ရန်ကုန်၊ မြဝတီနဲ့ မော်လမြိုင်မှာ  တိုက်ခန်း ၃ ခန်း၊ တိုက်/ပျဉ်ထောင်အိမ် ၇ လုံး၊ ဆိုင်ခန်း ၅ ခန်း၊ မြေ ၇ ကွက်၊ ဥယျာဉ်ခြံမြေ ၀.၀၇၃ ဧက၊ လယ် ၅ ဧက၊ မော်တော်ယာဉ် ၇ စီး၊ ကမ္ဘောဇဘဏ်ပါ ဘဏ် ၇ ခုက ငွေစာရင်း ၄၈ ခုရှိ ဘဏ်လက်ကျန်ငွေ ၃၆၄,၉၉၉,၇၇၅ ကျပ်တို့ဟာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ တရားမဝင်ငွေလွှဲလုပ်ငန်း လုပ်ကိုင်ရာကနေ ရရှိပိုင်ဆိုင်ထားတာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ အခု စစ်ဆေးအရေးယူမှုဟာ မကြာသေးခင်က ဒေါ်လာဈေးတက်လို့ ခေါ်ယူ စစ်ဆေးနေတဲ့ လူပုဂ္ဂိုလ် ငါးဦးထဲက နှစ်ဦးလား ဆိုတာကိုတော့ ပြည်ထဲရေးသတင်းမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာမရှိပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024