တောဝက်ဘောလုံးအသင်းလူငယ်များ လူငယ်အိုလံပစ်ပွဲ တက်ရောက်ရန် ထိုင်းမှထွက်ခွာ

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိစ်မှာ ကျင်းပမယ့် လူငယ်အိုလံပစ် အားကစားပွဲ တက်ရောက်ဖို့အတွက် မယ်ဆိုင်ဂူထဲ ပိတ်မိခဲ့တဲ့ တောဝက်ဘောလုံးအသင်း လူငယ် ၁၃ ဦးဟာ မနေ့ည ၉ နာရီကျော်က ဘန်ကောက် သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာသွားပါတယ်။ လူငယ် ၁၃ ဦးနဲ့အတူ သက်ဆိုင်ရာ မိဘအုပ်ထိန်းသူတဦးစီ၊ လူငယ်တွေရဲ့ ကျန်းမာရေးကို အနီးကပ်စောင့်ရှောက်ဖို့ ဆရာဝန်တဦး၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ရေး ဆရာဝန် တဦး၊ ခရိုင်ဝန်က တာဝန်ပေးအပ်ထားတဲ့ ကိုယ်စားလှယ်၊ ထိုင်းလက်ထောက်ယဉ်ကျေးမှုရေးရာ ဝန်ကြီးရုံးက တာဝန်ရှိသူတွေနဲ့အတူ စုစုပေါင်း လူ ၄ဝ ကျော် ပါသွားပါတယ်။ သူတို့တွေဟာ ဘန်ကောက်ကနေ တူရကီနိုင်ငံ အစ္စတန်ဘူလ်လေဆိပ်၊ အဲဒီကနေ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိစ်လေဆိပ်ကို ဒီကနေ့ မနက် ၆ နာရီလောက်မှာ ရောက်ရှိသွားမယ်လို့ ထိုင်းပီဘီအက်စ်မှာ ဖော်ပြပါတယ်။ ဒီခရီးစဉ်မှာ အောက်တိုဘာ ၃ ရက်မှ ၂ဝ ရက်ထိ စုစုပေါင်း ၁၈ ရက် ကြာမြင့်မှာဖြစ်ပြီး အိုလံပစ်အားကစားပွဲ ပြီးတဲ့နောက် အမေရိကန်နိုင်ငံကို ခရီးဆက်ကာ နယူးယောက်မြို့ NBC ရုပ်သံဌာနရဲ့ Today Show နဲ့ Late Night အစီအစဉ်မှာ ဂူတွင်းပိတ်အတွေ့အကြုံ အင်တာဗျူး ဖြေကြားပေးမှာ ဖြစ်ပါတယ်။ မယ်ဆိုင်မြို့ တောဝက်အကယ်ဒမီဘောလုံးအသင်းက နည်းပြ ခို့ခ်ျအေခ်နဲ့ အလယ်တန်းကျောင်းသား လူငယ် ၁၂ ဦးတို့ဟာ လွန်ခဲ့တဲ့ ၃ လက ထိုင်းနိုင်ငံမှာ အကြီးဆုံးဖြစ်တဲ့ ကျောက်လိုဏ်ဂူကြီးထဲ သွားရောက်လည်ပတ်ရင်း ဂူထဲမှာ ရေကြီးလာလို့ ဆယ်ရက်ကျော် စားစရာမရှိ ပိတ်မိနေခဲ့ပါတယ်။ သူတို့တွေကို ထိုင်းနိုင်ငံနဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေ ထောင်နဲ့ချီ ခက်ခဲစွာ ကယ်တင်ခဲ့ပြီးတဲ့နောက် ဒီဖြစ်ရပ်ဟာ ကမ္ဘာကျော်သွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up