စစ်သွေးကြွများအား နှိမ်နင်းနေသည့် စစ်တပ်ကို အမေရိကန် ထောက်ပံ့မှု လျှော့ချမည်မဟုတ်

မာလီနိုင်ငံအတွင်းက အစ္စလာမ္မစ် စစ်သွေးကြွတွေကို နှိမ်နင်းနေတဲ့၊ ပြင်သစ်ဦးဆောင်တဲ့ စစ်တပ်ကို ထောက်ပံ့မှုလျှော့ချဖို့ အမေရိကန်မှာ အစီအစဉ် မရှိဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်က အောက်တိုဘာ ၂ ရက်မှာ ပြောလိုက်ပါတယ်။ မာလီနိုင်ငံအတွင်းက အစ္စလာမ္မစ် စစ်သွေးကြွတွေကို နှိမ်နင်းနေတဲ့၊ ပြင်သစ်ဦးဆောင်တဲ့ စစ်တပ်အတွက် ထောက်ပံ့မှုကို တစိတ်တဒေသ ဖြတ်တောက်ဖို့ အမေရိကန်က ရည်မှန်းချက်မရှိဘူးလို့ ပြင်သစ်မြို့တော် ပါရီကိုရောက်နေတဲ့ မက်တစ်က  ပြင်သစ် ကာကွယ်ရေးဝန်ကြီး ဖလောရင့်စ်ပါလေနဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ကျန်ခဲ့တဲ့ ၃ နှစ်အတွင်း မာလီနိုင်ငံမှာ ဘာသာရေး စစ်ဝါဒီတွေရဲ့ တိုက်ခိုက်မှု ၃ ဆ တိုးလာခဲ့တယ်လို့ အရပ်ဘက် အုပ်စုတချို့က ပြောပါတယ်။ စစ်သွေးကြွတွေဟာ နိုင်ငံမြောက်ပိုင်းကနေ အလယ်ပိုင်းကို ကူးစက်လာခဲ့ပြီး ဘာမာကိုမြို့တော်ကိုပါ ပစ်မှတ်ထားလာခဲ့တာပါ။ ၂ဝ၁၅ ခုနှစ်က သေနတ်သမားတွေဟာ ရာဒီဆွန် ဘလူး ဟိုတယ်ကို စီးနင်းပြီး လူအယောက် ၂ဝ ကို သတ်ဖြတ်ခဲ့သလို မာလီနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေကိုပါ တိုက်ခိုက်ခဲ့ပါတယ်။ ပြင်သစ် ဦးဆောင်တဲ့ နိုင်ငံတကာတပ်တွေ ဘဏ္ဍာရေး အခက်အခဲ ရုန်းကန်နေရချိန်မှာ စစ်သွေးကြွတွေရဲ့ အရေအတွက်နဲ့ မာလီနိုင်ငံအတွင်း နိုင်ပွဲဆက်လာတာတွေကြောင့် တုန်လှုပ်လာခဲ့တာပါ။ ဆဟာရဒေသတွင်းမှာ ပြင်သစ် စစ်သည်အင်အား ၄၅ဝဝ ရှိပါတယ်။ အမေရိကန်ရဲ့ အကူအညီဟာ ပြင်သစ်ရဲ့ မာလီစစ်ဆင်ရေးအတွက် အသက်သွေးကြော ဖြစ်တယ်လို့ ပါလေက ပြောပါတယ်။ မက်တစ်ကလည်း စစ်ဆင်ရေးအတွက် အမေရိကန် ရန်ပုံငွေကို နည်းနည်း တိုးပေးမယ်လို့ သေချာအောင် ပြောပါတယ်။ ဒါ့အပြင် ဆီးရီးယားနိုင်ငံအတွင်း အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို စစ်ရေးနည်းလမ်းအရ နှိမ်နင်းပြီးစီးလုနီး ဖြစ်နေပြီမို့ အမေရိကန်သံတမန် အရေအတွက်ကို ၂ ဆ တိုးခဲ့တယ်လို့ မက်တစ်က ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up