ပွဲပြီးကာနီးသွင်းဂိုးဖြင့် နာပိုလီက လီဗာပူးကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် အုပ်စု စီ ဒုတိယပွဲစဉ်မှာ နာပိုလီက ပွဲပြီးကာနီးသွင်းယူခဲ့တဲ့ တလုံးတည်းသောဂိုးနဲ့ လီဗာပူးကို အနိုင်ရသွားပါတယ်။ နှစ်သင်းစလုံး အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး အိမ်ရှင် နာပိုလီအသင်းက ဘောလုံးပိုင်ဆိုင်မှုနဲ့ ထိုးဖောက်ကန်သွင်းခွင့်မှာ အသာရခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ဒီနေ့ပွဲမှာ အိမ်ရှင်အသင်းဘက်ကို ထိထိရောက်ရောက် ထိုးဖောက်တိုက်စစ်ဆင်မှု မလုပ်နိုင်သလို အပေးအယူ လွဲချော်တာတွေကြောင့်လည်း အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရပါတယ်။ နာပိုလီအသင်းကတော့ လီဗာပူးဘက်ကို အကြိမ်ကြိမ် ထိုးဖောက် ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမယ့် ကန်သွင်းချက်တွေ လွဲချော်တာ လီဗာပူးဂိုးသမားနဲ့ နောက်တန်းက ဖျက်ထုတ်နိုင်ခဲ့တာတွေကြောင့် အလွယ်တကူ ဂိုးမရနိုင်ဘဲ ဖြစ်ခဲ့တာပါ။ နာပိုလီအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲပြီးကာနီးမှာ တိုက်စစ်မှူး အင်ဆစ်ဂ်နီက အနီးကပ် ပိတ်သွင်းပေးခဲ့ပါတယ်။ မနေ့ညကပဲ ယှဉ်ပြိုင်တဲ့ အုပ်စု စီ တခြားပွဲစဉ်မှာတော့ ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီက ဆားဘီးယားကလပ် ဇဗက်ဒါကို ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီအုပ်စုက နှစ်ပွဲစီ ကစားအပြီးမှာတော့ နာပိုလီက တပွဲနိုင် တပွဲသရေ ရမှတ် ၄ မှတ်နဲ့ အုပ်စုပထမ၊ ပီအက်စ်ဂျီနဲ့ လီဗာပူးက ၃ မှတ်စီတူပေမယ့် ဂိုးကွာခြားချက်အရ ပီအက်စ်ဂျီက ဒုတိယ၊ လီဗာပူးက တတိယနေရာမှာ ရပ်တည်နေပြီး ဇဗက်ဒါကတော့ ၁ မှတ်နဲ့ အုပ်စု အောက်ဆုံးမှာ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up