လွှတ်တော်အမတ်လောင်းများ ကျင့်ဝတ်မစောင့်ထိန်းဘဲ မဲဆွယ်စည်းရုံးနေ
ဇေယျာချမ်းအေး
·
October 3, 2018
လွှတ်တော်ကိုယ်စားလှယ်လောင်းအချင်းချင်း ကျင့်ဝတ်စောင့်ထိန်းမှုမရှိဘဲ မဲဆွယ်စည်းရုံး တာတွေကို အာက်ခြေအဆင့်မှာတင် ပြေလည်အောင်ဖြေရှင်းပေးသွားဖို့ စီစဉ်ထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူကပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က “ဘာသာရေး၊ လူမျိုးရေးတွေကို အသုံးချပြီး မဲဆွယ်စည်းရုံးတာတွေတော့ ဖြစ်ပေါ်နေပါတယ်။ ဒီပြဿနာတွေကို အောက်ခြေအဆင့်မှာတင် ပြေလည်အောင် ဆောင်ရွက်သွားဖို့ ရွေးကောက်ပွဲကော်မရှင်က စီစဉ်ထားပြီးဖြစ်တယ်”လို့ ပြောပါတယ်။
အင်တာနက်စာမျက်နှာတွေနဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာတွေမှာ ဘာသာရေးနဲ့ လူမျိုးရေးကို အသုံးချပြီး မဲဆွယ်တာတွေအပြင် ပြိုင်ဘက်ပါတီအချင်းချင်း ဂုဏ်သိက္ခာ ထိခိုက်လောက်အောင် အပြန်အလှန်တိုက်ခိုက်တာတွေလည်းရှိနေပါတယ်။
ပြိုင်ဘက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အချင်းချင်းကျင့်ဝတ်စောင့်ထိန်းမှုမရှိဘဲ မဲဆွယ်စည်းရုံးမှုရှိနေတာတွေနဲ့ပတ်သက်လို့ လက်ရှိအချိန်အထိတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီကို တိုက်ရိုက် တိုင်ကြားတာမျိုးတော့မရှိသေးပါဘူး။
နိုင်ငံရေးပါတီတိုင်းက ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီဝင်တွေဟာ မိမိတို့ပါတီရဲ့ ဂုဏ်သိက္ခာကို စောင့်ထိန်းသင့်တယ်လို့ ရွေးကောက်ပွဲပညာပေးရေးနှင့် စောင့်ကြည့်လေ့လာရေး မိတ်ဖက်များအဖွဲ့အကြံပေး မမြနန္ဒနာသင်းက ပြောပါတယ်။
လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲ ဆန္ဒရှင်စာရင်းကို အောက်တိုဘာ ၁ရက်ကစတင်ပြီး နှစ်ပတ်ကြာ ကြေညာထားပါတယ်။
ပထမအကြိမ်မဲဆန္ဒရှင်စာရင်းကပ်တုန်းက ပြည်သူတွေရဲ့စိတ်ဝင်စားမှုနည်းပါးပေမယ့် ဒုတိယအကြိမ်မှာတော့ စိတ်ဝင်စားမှုမြင့်တက်လာ တယ်လို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။