Home
မြန်မာသတင်း
သုံးခွမြို့နယ်အနီး သောင်တင်နေသည့် ကုန်တင်သင်္ဘောကြီး ရေဝင်ပြီး ပဲ့ပိုင်းနစ်မြုပ်
DVB
·
October 3, 2018
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်အနီး မုတ္တမပင်လယ်ကွေ့မှာ သောင်တင်နေတဲ့ ကုန်တင်သင်္ဘောကြီးရေဝင်ပြီး ပဲ့ပိုင်းနစ်မြုပ်သွားတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာ မှာဖော်ပြပါတယ်။ မုတ္တမပင်လယ်ကွေ့၊ သမစိတ္တကျေးရွာ၊ ပင်လယ်ကမ်းစပ်မှ ရေမိုင်ခုနစ်မိုင်အကွာမှာ အလျား ၁၇၇ ဒသမ ၃၅ မီတာ၊ အနံ ၂၇ ဒသမ ၉၁ မီတာ အလေးချိန်၂၆၅၁ဝ တန်ရှိSAM RATULANGI -1600 အမည်ရှိ နိုင်ငံခြားကုန်တင်သင်္ဘောတစ်စီးဟာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက သောင်တင်နေတာပါ။ ဒီသင်္ဘောကြီးဟာ ပင်လယ် ဒီရေအတက်နဲ့ လေဖိအားကြောင့် ဦးပိုင်း တခုလုံး သောင်ပေါ်သို့ ရှေ့တိုး တင်သွားခဲ့ပြီး သင်္ဘောထဲစိမ့်ဝင်နေတဲ့ ရေတွေက သင်္ဘောပဲ့ပိုင်းသို့ ရောက်ရှိသွားကာ သင်္ဘောပဲ့ပိုင်းတခုလုံး အောက်တိုဘာ ၁ ရက် ညနေ ၅ နာရီခွဲလောက်မှာ  နစ်မြုပ်သွားခဲ့တာလို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။ လူနဲ့ ကုန်ပစ္စည်းတွေ မပါဘဲ သောင်တင်နေတဲ့ အဆိုပါသင်္ဘောကြီးကို  သုံးခွမြို့နယ် သမစိတ္တကျေးရွာအနီး မုတ္တမပင်လယ်ကွေ့မှာ ငါးဖမ်းစက်လှေတွေက သြဂုတ် ၂၈ ရက်မှာ စတင် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီသင်္ဘောဟာ မြန်မာနိုင်ငံကို ဝင်ရောက်ဖို့ မဟုတ်ဘဲ တွဲဆွဲသင်္ဘောနဲ့ ယူလာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက်မယ့်သင်္ဘော ဖြစ်တယ်လို့ စင်ကာပူနိုင်ငံရှိ Smith Salvage ကုမ္ပဏီက  မြန်မာဆိပ်ကမ်းအာဏာပိုင်အဖွဲ့ကို ပြောထားပါတယ်။ ရန်ကုန်မြစ်ဝမှာ သင်္ဘောတွေဝင်ထွက်မှုနဲ့ ပင်လယ်ပြင်လုံခြုံရေး လေ့လာ စောင့်ကြည့်နိုင်ဖို့ ရေကြောင်းပြအဆောက်အအုံတစ်ခုကို ရန်ကုန်မြစ်ဝကနေ မိုင်၂ဝ အကွာမှာ တရုတ်ကုမ္ပဏီတစ်ခုက တာဝန်ယူ တည်ဆောက်နေတယ်လို့ သိရပါတယ်။ ဓာတ်ပုံ- ကြေးမုံ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024