A d v e r t i s e m e n t With Us

ဘရာဇီးသမ္မတရွေးကောက်ပွဲ နီးကပ်လာချိန် ရာဇ၀တ်မှုနှင့်အကြမ်းဖက်မှု ထူပြောလာ

ဘရာဇီးသမ္မတရွေးကောက်ပွဲ နီးကပ်လာချိန်မှာ  နိုင်ငံအတွင်း ရာဇ၀တ်မှုနဲ့ အကြမ်းဖက်မှုတွေ ထူပြောလာပါတယ်။ မနှစ်တုန်းက ဘရာဇီးနိုင်ငံမှာ လူသတ်မှုပေါင်း ၆၃,၈၈၀  ဖြစ်ပွါးခဲ့ပြီး ၂၀၁၆ ခုနှစ်ကထက် ၃.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ သြဂုတ်လ ထုတ်ပြန်တဲ့ စစ်တမ်းတရပ်က  ဆိုပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ လူမှုဗေဒပညာရှင် ယူလီသာ လမ်းဂရူဘာက “ဘရာဇီးနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ မဖော်ထုတ်ရသေးပါဘူး။ မနှစ်တုန်းက ဘရာဇီးနိုင်ငံမှာ လူသတ်မှုပေါင်း ၆၃,၀၀၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။ ဒါကို သေချာစဉ်းစားကြည့်ရင် အတော်လေးကို ဆိုးရွားတဲ့ ပြဿနာဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဥပဒေစိုးမိုးရေး  ရန်ပုံငွေ မလုံလောက်မှုကို အကြောင်းပြုပြီး ရာဇ၀တ်ဂိုဏ်းတွေ ပိုမို များပြားလာတာကြောင့် တစတစကြီးမားလာနေတဲ့ အကြမ်းဖက်မှုဟာ မဲဆန္ဒရှင်တွေ အဓိက စိုးရိမ်ပူပန်ရတဲ့ အကြောင်းအရာ ဖြစ်လာပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် သမ္မတလောင်းတွေဟာလည်း အခုလို ပြောဆိုကြပါတယ်။ “မူးယစ်မှောင်ခိုမှု၊ ဂိုဏ်းဖွဲ့ရာဇ၀တ်မှု၊ ရဲတပ်ဖွဲ့တွင်း အကျင့်ပျက်မှုနဲ့ အများပြည်သူငွေ အလွဲသုံးမှုတွေကို ကျနော့်အစိုးရလက်ထက်ကျရင် တာဝန်ယူဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ လို့လည်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် သမ္မတလောင်း စီိရို ဂိုမီစ့်က ပြောခဲ့ပါတယ်။ “အဲဒီတုန်းက ကျနော့်ကို သတ်ဖို့လုပ်တာပဲဗျ။ ကံသီလို့ ကျနော်မသေတာ။ ဘယ်လိုဖြစ်ပြီး သူရဲ့ပြစ်ဒဏ်က လူသတ်မှု မဖြစ်ရတာလဲ။ ကျနော်သာ သမ္မတ ဖြစ်လာရင် အဲဒါမျိုးကို ပြုပြင်သွားမယ်။ နောက်ပြီး  အလုပ်လုပ်ဖို့ ခဏပြန်လွှတ်ပေးတဲ့ အစီအစဉ်တွေကိုလည်း တိုက်ဖျက်သွားမယ်။ နောက်ပြီးတော့ အကျဉ်းသားတွေဟာ ဆိုးရွားတဲ့ အခြေအနေတွေ အောက် နေနေရပါတယ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အော်သံတွေကိုလည်း ကြားနာမှာ မဟုတ်ဘူး။ အဲဒီတုန်းက ကျနော်သေသွားရင် ဆိုးရွားတဲ့ အခြေအနေဖြစ်သွားမှာ ကျနော့် မိသားစုပဲ” လို့ မဲဆွယ်ပွဲအတွင်း ဓားနဲ့ တိုက်ခိုက်ခံရတဲ့ သမ္မတလောင်း ဘော်ဆိုနာရိုကလည်း ပြောခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က ရာဇ၀တ်ထူပြောတဲ့ မက္ကဆီကိုနိုင်ငံရဲ့ လူဦးရေ ၁ သိန်းမှာ လူသတ်မှု ၂၀ ရာခိုင်နှုန်း ၀န်းကျင်ရှိပြီး  ဘရာဇီးနိုင်ငံ လူဦးရေ ၁ သိန်းမှာတော့ လူသတ်မှု ၃၀.၈ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ဘရာဇီးအစိုးရက ထုတ်ပြန်တဲ့ Yearbook 2018 မှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up