Home
မြန်မာသတင်း
ကျောက်မီးသွေးတူးဖော်မှုကို လဲချားရွာသားများ ကန့်ကွက်ဆန္ဒပြ
နန်းမြနဒီ
·
October 2, 2018
ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ ၀မ်ယိမ်းကျေးရွာအုပ်စုထဲမှာ ကျောက်မီးသွေးတွင်းတွေရှိပေမယ့် လာရောက် တူးဖော်ထုတ်လုပ်ခြင်းဟာ ဒေသခံတွေရဲ့ နေ့စဉ်ဘ၀လုပ်ကိုင်စားသောက်မှုကို ထိခိုက်နိုင်တာကြောင့် ရွာသားတွေက ကန့်ကွက်ခဲ့ကြပါတယ်။ ၀မ်ယိမ်းကျေးရွာအုပ်စုဝင် ရွာပေါင်း ၂၇ ရွာက ပြည်သူ ၇၀၀ ကျော် ပူးပေါင်းပါဝင်ပြီး ကန်တုန့်ကျောင်းတိုက်မှာ လူစုကာ  ၀မ်ယိမ်းကျောင်းတိုက်ဆီသို့ စက်တင်ဘာ ၂၉ရက်က စီတန်းလမ်းလျှောက်ခဲ့တာပါ။ ဆန္ဒပြလူငယ်ခေါင်းဆောင် စိုင်းခတ္တိယက “ကျနော်တို့ရွာနားမှာ ကျောက်မီးသွေးတွင်း ရှိတယ်ဆိုတာသိရတော့ ကျနော်တို့ ပင်လောင်းမြို့နယ်က  ကျောက်မီးသွေးစက်ရုံရှိတဲ့ တီကျစ်ဒေသကို သွားလေ့လာခဲ့တယ်။ အဲဒီမှာ ကျောက်မီးသွေးတွင်းက မြေစာတွေ ချောင်းရေထဲစီးဆင်းပြီး အနီးနားက စိုက်ပျိုးမြေတွေ ပျက်စီးတဲ့ ပြဿနာ၊ စက်ရုံက မီးခိုးငွေ့နဲ့ ဆူညံသံတွေကြောင့် ရွာသားတွေ ကျန်းမာရေး ထိခိုက်တာတွေ သိရှိရလို့ ကျနော်တို့ရွာမှာလည်း အဲလိုဖြစ်မှာ စိုးရိမ်ပါတယ်ခင်ဗျ။ ဒါကြောင့် ကန့်ကွက်ကြတာပါ။”လို့ ပြောပါတယ်။ ဒီမတိုင်ခင် လွန်ခဲ့တဲ့နှစ်လ လောက်က ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်း ကုမ္ပဏီအချို့က လူလွှတ်ပြီး နယ်မြေကွင်းဆင်းစစ်ဆေးရေးတွေ လာရောက်လုပ်ဆောင်နေ ကြောင်း၊ အဆိုပါ ကျောက်မီးသွေးထွက်ရှိရာနေရာဟာရွာရဲ့ ရေထွက်ဦးမှာရှိပြီး ကျောက်မီးသွေးက စွန့်ပစ်မြေစာတွေဟာ ရေထွက်ဦးကနေ သူတို့အသုံးပြုနေတဲ့ နမ့်ယိုင်းချောင်း၊ ဟိုခိုချောင်းတွေထဲ စီးဝင်ကာ သဘာ၀၀န်းကျင်ပျက်စီးမှာ စိုးရိမ်တယ်လို့ ဒေသခံက ပြောပါတယ်။ ကျောက်မီးသွေးတွင်းရှိတဲ့ တောင်အနီးမှာ  ‘ဤဒေသတွင် သဘာဝ ပတ်ဝန်းကျင်ရေမြေ ထိခိုက်ပျက်စီးအောင် မပြုရ၊ သဘာဝ ပတ်ဝန်းကျင် ဖျက်ဆီးမှုကို ရဟန်းသံဃာနှင့်ရွာသားများ တားမြစ်တယ်’ဆိုတဲ့အကြောင်း  ဒေသခံတွေက ဆိုင်းဘုတ် စိုက်ထူခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024