တိုက်ပွဲများ ပြန်ဖြစ်နေသည့်ကိစ္စ သမ္မတဦးသိန်းစိန် ဖြေရှင်းမပေးနိုင်သေး
နန်းမြနဒီ
·
August 16, 2012
အပစ်အခတ်ရပ်စဲထားတဲ့ ရှမ်းပြည်တပ်မတော်နဲ့ အစိုးရတပ်တွေ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အပေါ် ဖြေရှင်းပေးဖို့ သမ္မတ ဦးသိန်းစိန်ဆီ စာရေးတောင်းဆိုထားပေမယ့် တစုံတရာ အကြောင်းမပြန်သေးဘူးလို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့က ပြောကြားလိုက်ပါတယ်။
ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး ရှမ်းပြည်တပ်မတော်က အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ အကြိမ်ကြိမ်ဆွေးနွေးခဲ့ပေမယ့် ရပ်မသွားတဲ့အတွက် ဒီကိစ္စဖြေရှင်းပေးဖို့ ရှမ်းပြည်တပ်မတော်အဖွဲ့က ဩဂုတ် ၂ ရက်နေ့ကတည်းက သမ္မတဆီ စာရေးတောင်းဆိုထားတာလို့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။
အပစ်ခတ်ရပ်သဘောတူချက်တွေထဲမှာ နယ်မြေထဲကို လက်နက်ကိုင်ဆောင် ၀င်ရောက်လာမယ်ဆိုရင် ကြိုတင်အကြောင်းကြားဖို့ ပါရှိပေမယ့် အစိုးရတပ်ဘက်က လိုက်နာခြင်းမရှိဘဲ နယ်ကျွံဝင်ရောက်လာတဲ့အတွက် ပစ်ခတ်မှုတွေ ဖြစ်ပွားရတာလို့ ဆိုပါတယ်။
အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေက ကြားဝင်ညှိနှိုင်းပေးခဲ့ပေမယ့်လည်း ပစ်ခတ်မှုတွေ ဖြစ်မြဲဖြစ်နေတာဟာ အထက်လူကြီးတွေရဲ့ အမိန့်ကို အောက်ခြေတပ်သားတွေ လေးစားလိုက်နာမှုမရှိလို့ ဖြစ်တဲ့အကြောင်း ရှမ်းပြည်တပ်မတော်က ဝေဖန်ပြောဆိုလိုက်ပါတယ်။
သမ္မတကြီးဆီ စာပို့ပြီးတဲ့နောက်ပိုင်း လွန်ခဲ့တဲ့ ၄ ရက်က ရှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နားမွန် ကျေးရွာအုပ်စုထဲမှာလည်း ပစ်ခတ်မှု ၂ ကြိမ်လောက် ထပ်မံဖြစ်ပွားခဲ့ပါတယ်။
ဒီပစ်ခတ်မှုတွေဟာ အစိုးရနဲ့ ရှမ်းပြည်တပ်မတော်တို့ ငြိမ်းချမ်းရေး တည်ဆောက်ဆဲကာလ ယုံကြည်မှုကို ပျက်ပြားစေနိုင်တဲ့အပြင် ရှမ်းပြည်တပ်မတော်ရဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း နှောင့်နှေးစေတယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။