Home
မြန်မာသတင်း
သမ္မတရုံးကို တိုင်ကြားထားသည့် မူးယစ်အမှုပေါင်း ၃၀၀ ကျော်အရေးယူ
ပိုင်စိုး
·
October 2, 2018
နိုင်ငံတော် သမ္မတရုံးကို တိုင်ကြားလာတဲ့ မူးယစ်ဆေးဝါးသတင်းတွေအရ စက်တင်ဘာ ၂၉ ရက်အထိ အမှုပေါင်း ၃၀၀ ကျော် ဖွင့်လှစ်အရေးယူခဲ့တယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။ ဇွန်လနောက်ဆုံးပတ်ကနေ အခု စက်တင်ဘာ ၂၉ ရက်အထိ မူးယစ်အမှု ၃၀၂ မှုနဲ့ အမျိုးသားအယောက် ၄၀၀၊ အမျိုးသမီး ၇၈ ယောက်၊ စုစုပေါင်း ၄၇၉ ယောက်ကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ ဘိန်းဖြူ ၂၆၅၁ ဒသမ ၉၃ ဂရမ်၊ အိုက်စ် ၁၆ ဒသမ ၇၁ ဂရမ်၊ ဘိန်း ၃၇၂၅၉ ဒသမ ၂၁ ဂရမ်၊ ဘိန်းစာမှုန့် ၅၈၀၂ ဂရမ်၊ အဆင့်နိမ့်ဘိန်း ၃၂၉ ဂရမ်၊ ဘိန်းစာရွက် ၃၉၇၃ ဒသမ ၉၉ ဂရမ်၊ စိတ်ကြွဆေးပြား ၁၄၈၀၇၆ ပြား၊ ဆေးခြောက် ၃၃၆၈ ဒသမ ၈၄ ဂရမ် စတာတွေပါဝင်ပါတယ်။ ဒါ့အပြင် သေနတ်မျိုးစုံ ၁၀ လက်၊ ကျည်မျိုးစုံ ၁၇၉ တောင့်၊ လက်ပစ်ဗုံးတလုံးကိုလည်း သိမ်းဆည်း ရမိတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခဲ့တဲ့နေရာတွေကတော့ ရှမ်းပြည်နယ် သီပေါ၊ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်း၊ မန္တလေးတိုင်း မြင်းခြံ၊ ရန်ကုန်တိုင်း မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ အင်းစိန်နဲ့ မြောက်ဥက္ကလာပ၊ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်တို့ကနေ ဖမ်းဆီးခဲ့တာပါ။ သီးခြားရရှိတဲ့ သတင်းတွေအရ ကချင်ပြည်နယ် လွယ်ဂျယ်၊ ချင်းပြည်နယ် တွန်းဇံ၊ ရှမ်းပြည်နယ် မူဆယ်၊ နမ့်စန်၊ လားရှိုး၊ တန့်ယန်း၊ တာချီလိတ်၊ မိုင်းတုံ၊ နမ့်ခမ်း၊ နောင်ချိုနဲ့ ကွတ်ခိုင်၊ ရခိုင်ပြည်နယ် မောင်တော၊ ပုဏ္ဏားကျွန်း၊  ကရင်ပြည်နယ် ဘားအံ၊ စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ ထီးချိုင့်၊ တနင်္သာရီတိုင်း ရေဖြူ၊ ပဲခူးတိုင်း တောင်ငူ၊ ရန်ကုန်မြို့ အောင်မင်္ဂလာကားဝင်းတို့မှာလည်း ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်၊ နမ့်ခမ်းနဲ့ စစ်ကိုင်းတိုင်း ခမ်းပါတ်မြို့တို့မှာတော့ တရုတ်နိုင်ငံသားနဲ့ အိန္ဒိယ နိုင်ငံသားတို့ဆီက စိတ်ကြွဆေးပြားနဲ့ ဘိန်းဖြူတွေ မိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် စက်တင်ဘာ ၂၃ ကနေ ၂၉ ရက်အထိ တပတ်အတွင်း သီးခြားဖော်ထုတ် ဖမ်းဆီးတဲ့ မူးယစ်အမှု ၂၈၄ မှု၊ တရားခံ ကျား ၃၄၄ ယောက်၊ မ ၅၂ ယောက်၊ စုစုပေါင်း ၃၉၆ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းမိတဲ့ မူးယစ်ဆေးတွေကတော့ ဘိန်းဖြူ ၄၁၇၂ ဒသမ ၁၆ ဂရမ်၊ အိုက်စ် ၈၀၀၈ ဒသမ ၈၀ ဂရမ်၊ ဘိန်း ၅၉၂၈ ဒသမ ၆၃ ဂရမ်၊ စိတ်ကြွဆေးပြား ၂၀၁၆၀၈ ပြား၊ ဆေးခြောက် ၁၀၀၅ ဒသမ ၀၅ ဂရမ် စတာတွေပါဝင်ပါတယ်။ ဒါ့အပြင် မူးယစ်ဆေးချက်လုပ်ရာမှာ သုံးတဲ့ ဆက်စပ်ဓာတုပစ္စည်းတွေ၊ သေနတ်မျိုးစုံ ၈ လက်၊ ကျည်မျိုးစုံ ၅ တောင့်နဲ့ ခဲသီး အလုံး ၃၀ တို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်မှာ သမ္မတရုံးမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတွေ ပိုမိုဖမ်းဆီးနိုင်ဖို့ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေကို တိုင်ကြားနိုင်တဲ့အပြင် အထူးကိစ္စတွေနဲ့ ကြီးမားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ ကိစ္စတွေကို သမ္မတရုံးမှာ ဖွင့်လှစ်ထားတဲ့ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန ဖုန်း ၀၆၇- ၅၉၀ ၂၀၀၊ ဖက်စ် ၀၆၇- ၅၉၀ ၂၃၃ နဲ့ အီးမေးလ် [email protected] ကို တိုင်ကြားနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024