Home
မြန်မာသတင်း
မဲခေါင်-ဂျပန်ထိပ်သီးအစည်းအဝေးတက်ရန် ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားမည်
DVB
·
October 2, 2018
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင်မှာ ဂျပန်နိုင်ငံသို့ အလုပ်သဘော ခရီးသွားရောက်မယ်လို့ အစိုးရက  ဒီနေ့ တရားဝင်ထုတ်ပြန်ကြေညာပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ဖိတ်ကြားချက်အရ တိုကျိုမြို့မှာ ကျင်းပမယ့် ၁၀ ကြိမ်မြောက် မဲခေါင်-ဂျပန်ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့နဲ့ နှစ်နိုင်ငံ ဆွေးနွေးမှုတွေပြုလုပ်ဖို့ သွားရောက်မှာလို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၅ ရက်မှာ ဂျပန်နိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး ၆ရက်ကြာမယ့် ခရီးစဉ်အတွင်း ဖူကူရှီးမားခရိုင်ရှိ စိုက်ခင်းတခုကို သွားရောက်ကာ  ဂျပန်နိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ အလုပ်သမားရှားပါးမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းနေသလဲ ဆိုတာကို လေ့လာမယ်လို့ ဂျပန်အစိုးရသတင်းရင်းမြစ်ကို ကိုးကားပြီး ကျိုဒိုသတင်းမှာ ရေးပါတယ်။ မဲခေါင်-ဂျပန်ထိပ်သီး အစည်းအဝေးကို အောက်တိုဘာ ၈ ရက်ကနေ  ၉ ရက်အထိကျင်းပမှာ ဖြစ်ပြီး မဲခေါင်ဒေသတွင်းနိုင်ငံတွေဖြစ်ကြတဲ့ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့က ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာပါ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရတာဝန်ယူပြီးနောက်   ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်ကလည်း ဂျပန်နိုင်ငံကို နောက်ဆုံး အကြိမ် သွားရောက်ခဲ့ပြီး ၀န်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံကာ မြန်မာ့စီးပွားရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဂျပန်က အကူအညီပေးဖို့ ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ ခုသွားရောက်မယ့် ခရီးစဉ်အတွင်းမှာ ဂျပန်ရောက် ရခိုင်တိုင်းရင်းသားတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြဖို့ စီစဉ်နေပြီး ဒေါက်တာအေးမောင်၊ စာရေးဆရာဝေဟင် အောင်နဲ့ ရခိုင်လူငယ် ၈ ဦးတို့ အပါအ၀င် ရခိုင်နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုဖို့ ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024