အားပြင်းတိုင်ဖွန်းမုန်တိုင်း ဂျပန်ကုန်းတွင်းပိုင်းဝင်ရောက်၊ ၂ ဦးသေ၊ ၂ ဦးပျောက်ဆုံး

ဓာတ်ပုံ - EPA
အားပြင်း တိုင်ဖွန်းမုန်တိုင်း ထရာမီဟာ ဂျပန်နိုင်ငံ အနောက်ခြမ်းကတဆင့် ကုန်းတွင်းပိုင်းကို စက်တင်ဘာ ၃၀ ရက် ညနေပိုင်းက ဝင်ရောက်ခဲ့တဲ့အတွက် လူ ၂ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေပါတယ်။ မုန်တိုင်းကြောင့် လူအယောက် ၁၃၀ နီးပါးလည်း ဒဏ်ရာရခဲ့ပါတယ်။ ရထားလမ်းတွေပေါ် သစ်ပင်တွေ ပြိုလဲခဲ့ပြီး လူ ၄ သိန်းနီးပါး လျှပ်စစ်မီးမရဘဲ နေနေရပါတယ်။ အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်းက တိုကျိုမြို့တော်တလွှား ကျည်ဆန်ရထားလိုင်းတွေ ဆိုးဆိုးရွားရွား နှောင့်နှေးခဲ့ပါတယ်။ ဂျပန်အနောက်ပိုင်း အိုဆာကာခရိုင် ကန်ဆိုင်း နိုင်ငံတကာလေဆိပ်ကို ဒီနေ့မနက်မှာ ပြန်ဖွင့်နိုင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံ မြောက်ပိုင်းမှာ လေကြောင်းခရီးစဉ်ပေါင်း ၂၃၀ ကျော် ဖျက်သိမ်းခဲ့ရတယ်လို့ ဂျပန်ရုပ်သံ NHK က ဖော်ပြပါတယ်။ တိုင်ဖွန်း ထရာမီကြောင့် ဂျပန်မြောက်ပိုင်းစွန်း ကျွန်းမကြီး ဟော့ကိုင်းဒိုးမှာ မိုးကြီး လေထန်ပြီး မြေပြိုခဲ့တယ်လို့ ဂျပန် မိုးလေဝသအေဂျင်စီက ပြောပါတယ်။ ဒီကျွန်းမှာ အရင်လကမှ အင်အားပြင်းငလျင်လှုပ်လို့ လူအသေအပျောက် ရှိခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up