Home
မြန်မာသတင်း
ရာသီဥတုပြောင်းလဲမှု ဆိုးကျိုး အဓိကစိန်ခေါ်မှုကြီး ဖြစ်နေဟု ဒုသမ္မတပြော
DVB
·
September 29, 2018
မြန်မာနိုင်ငံမှာ နှစ်စဉ်ခံစားနေရတဲ့ ရာသီဥတုပြောင်းလဲမှု ဆိုးကျိုးတွေဟာ နိုင်ငံ့ စီးပွားရေးနဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကစိန်ခေါ်မှုကြီးတခုဖြစ်တာကြောင့် ကြိုတင်ကာကွယ်နိုင်ဖို့ ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုစနစ်တရပ်ကို တည်ထောင်သွားဖို့ လိုအပ်တယ်လို့ ဒုသမ္မတ ဦးမြင့်ဆွေက ပြောကြားလိုက်ပါတယ်။ မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားအဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ဆဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးမှာ ဒုသမ္မတက ပြောကြားခဲ့တာပါ။ မြန်မာနိုင်ငံမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ များပြားလာမှုနဲ့အတူ သဘာဝ သယံဇာတအရင်းနှီးကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့် သဘာဝဂေဟစနစ်နဲ့ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုတွေ မဖြစ်စေဖို့၊ စက်မှုလုပ်ငန်းတွေနဲ့ မြို့ပြတိုးချဲ့မှုတွေကြောင့် မြေ၊ ရေ၊ လေ စတဲ့ ပတ်ဝန်းကျင်အရည်အသွေးကျဆင်းမှုနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုများမရှိအောင် အလေးထားဖြေရှင်းဆောင်ရွက်ဖို့ အလွန်အရေးကြီးတယ်လို့ ဆိုပါတယ်။ “မြန်မာနိုင်ငံတွင် နှစ်စဉ်ခံစားနေရသည့် ရာသီဥတုပြောင်းလဲမှု ဆိုးကျိုးများသည်လည်း နိုင်ငံ့ စီးပွားရေးနှင့်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကစိန်ခေါ်မှုကြီး တခုဖြစ်သည့်အတွက် ယင်းကို ကြိုတင်ကာကွယ်နိုင်ရန် မိမိတို့ အစဉ်တစိုက်အလေးထားဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ကြီး တခုဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပေါင်းစပ်ဆောင်ရွက်မည့် ခိုင်မာ အားကောင်းသော ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်တရပ်ကို တည်ထောင်ရန် လိုအပ်ပါကြောင်း။” ပြီးခဲ့တဲ့ ဧပြီက ရန်ကုန်မြို့ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုဟာ လေထုညစ်ညမ်းမှုအပြင် အနီးပတ်ဝန်းကျင် ရပ်ကွက်နေ ပြည်သူတွေရဲ့ ကျန်းမာရေး ထိခိုက်မှုခံစားခဲ့ရတဲ့ သာဓကဟာ စွန့်ပစ်အမှိုက်တွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ စနစ်တကျ စီမံခန့်ခွဲပြီး အလျင်အမြန် ဦးစားပေး ဆောင်ရွက်ဖို့ လိုအပ်နေပြီဆိုတာ သတိပေးလိုက်တာလို့ ဆိုပါတယ်။ “ထို့ကြောင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများသာမက တစ်နိုင်ငံလုံးအနှံ့မြို့များတွင် စွန့်ပစ်အမှိုက်များကို စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုမဟာဗျူဟာနှင့် လုပ်ငန်းအစီအမံတွင် ပါဝင်သည့် ရည်မှန်းချက်များကို အခြေခံပြီး ပလတ်စတစ်အပါအ၀င် အမှိုက်များစနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်းဆိုင်ရာ လမ်းညွှန်ချက် တစ်ရပ် ချမှတ်ဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း။” အမျိုးသားအဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက နိုင်ငံရဲ့ လူမှုရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို တည်ဆောက်ရာမှာ သဘာဝ ပတ်ဝန်းကျင်ဟာ အခြေခံအုတ်မြစ်ဖြစ်လို့ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရေရှည်တည်တံ့တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို ဘက်ညီမျှတစေဖို့ ကြိုးပမ်းဆောင်ရွက်သွားရမယ်လို့ ပြောပါတယ်။ “အခြေခံအားဖြင့် အရေးကြီးဆုံးကဏ္ဍဖြစ်သည့် သတ္တု၊ သစ်တော နှင့် သားငါးစသည့် သယံဇာတအရင်းအမြစ်များအပေါ်တွင် အလွန်အကျွံထုတ်လုပ်မှု၊ အထူး သဖြင့် တရားမ၀င်ထုတ်လုပ်မှုများကြောင့် သဘာဝသယံဇာတများ ယိုယွင်းပျက်စီးမှုများ ကြုံတွေ့နေရသည်ကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် တရားမ၀င် သယံဇာတ ထုတ်လုပ်မှုများကို အားလုံးဝိုင်းဝန်းပြီး တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် တွန်းအား ပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း။” ကဏ္ဍစုံမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအမံတွေကို ထိရောက်စွာ ပေါင်းစပ်အကောင်အထည်ဖော်နိုင်ဖို့ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ ၆ ခုနဲ့ ကြီးကြပ်မှုကော်မတီတွေကို ဖွဲ့စည်းဆောင်ရွက်နေတယ်လို့ ဒုသမ္မတက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024