ကျားမ တန်းတူညီမျှရေးနှင့် ရာသီဥတု ပြောင်းလဲမှုအရေး နယူးဇီလန်ဝန်ကြီးချုပ် ပြော

နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာဒန်းဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းအတွင်း ကျားမ တန်းတူညီမျှရေးနဲ့ ရာသီဥတုပြောင်းလဲမှု အရေးတွေကို အဓိကထား ပြောကြားသွားပါတယ်။ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ ချိုးဖောက်ခံရမှုအရေး အဓိကရည်ရွယ်တဲ့ MeToo လှုပ်ရှားမှုဟာ “ငါတို့အားလုံးလည်းပဲ” ဆိုတဲ့ WeToo လှုပ်ရှားမှု ဖြစ်လာရမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ “ကျမတို့မှာ ကျားမ လစာခံစားခွင့် ကွာဟချက်ရှိနေတယ်။ အမျိုးသမီးတွေဟာ ဝင်ငွေနည်းတဲ့အလုပ်နဲ့ အိမ်တွင်းအကြမ်းဖက်မှုကို ကိုယ်စားပြုသလို ဖြစ်နေတယ်။ ဒါ နေရာတိုင်း ဖြစ်နေတာပါ။ ဒီလိုခေတ်သစ်မှာ ကျားမတန်းတူရေးအတွက် ကျမတို့ ကတိကဝတ်တွေ ပြန်လည်ဖော်ဆောင်ရပါမယ်။ အခြေခံအခွင့်အလမ်းနဲ့ ဂုဏ်သိက္ခာကင်းမဲ့နေရတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာက အမျိုးသမီးတွေအတွက် ကျမတို့လုပ်လိုက်တဲ့ အောင်မြင်မှုတွေကို ကျမတယောက်တည်း အောင်ပွဲမခံချင်ပါဘူး။ MeToo ကနေ WeToo ဖြစ်လာရပါမယ်။ ဒီအရေးမှာ ကျမတို့အားလုံး အတူတူပါပဲ” လို့ ဝန်ကြီးချုပ်က ပြောသွားပါတယ်။ ရာသီဥတုပြောင်းလဲမှုမှာ လုံခြုံရေး အဓိကခြိမ်းခြောက်ခံနေတဲ့ အကြီးမားဆုံးနေရာဟာ ပစိဖိတ်သမုဒ္ဒရာထဲမှာဖြစ်ပြီး သူ့နိုင်ငံအနေနဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကို အားထုတ်မယ့် အစီအစဉ်တွေကိုလည်း မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up