Home
မြန်မာသတင်း
မကွေးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးကို ဒေသခံများ ကန့်ကွက်ဆန္ဒပြ
နော်နိုရင်း
·
September 28, 2018
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ထုံးပေါက်တောကျေးရွာအုပ်စုမှာ ပြည်သူအများစု မဲပေးရွေးချယ်တဲ့ အုပ်ချုပ်ရေးမှူးကို ခန့်တာမရှိတဲ့အတွက် ဒေသခံရွာသားတွေက မကွေးမြို့ပေါ်မှာ စီတန်းလှည့်လည် ကန့်ကွက်ဆန္ဒပြကြပါတယ်။ ထုံးပေါက်တောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ ဒေသခံတွေရဲ့ မဲဆန္ဒအတိုင်း အနိုင်ရသူက အုပ်ချုပ်ရေးမှူး ဖြစ်မလာဘဲ ဒေသခံတွေ ဆန္ဒမဲပေးမထားတဲ့ မဲပေါက်တဲ့ တခြားသူတဦးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနက ခန့်အပ်လိုက်လို့ ဆန္ဒပြရတာလို့ ဆန္ဒပြသူ မသိန်းအေးက ပြောပါတယ်။ “မဲနိုင်တဲ့လူကို သူတို့က အတည်ပြု ခန့်အပ်မပေးဘဲနဲ့ မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာ လိပ်မဲနဲ့ ပေါက်တဲ့သူကို ခန့်အပ်လိုက်တဲ့အတွက် ကျမတို့ ဆန္ဒဖော်ထုတ်တာပါ။” ထုံးပေါက်တောကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၅ ရွာရှိပြီး အုပ်ချုပ်ရေးမှူးရွေးပွဲကို ပြီးခဲ့တဲ့ ဇန်နဝါရီလက ၂ ကြိမ် ရွေးခဲ့ရာမှာ ဦးကျော်ဆန်းဦးက အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် မြို့နယ်ထွေအုပ်ရုံးမှာ သြဂုတ် ၂၃ ရက်နေ့က မဲလိပ်နဲ့ ရွေးချယ်ခဲ့ရာမှာတော့ ဦးမြတ်မင်းထွန်းက အနိုင်ရပြီး သြဂုတ် ၂၈ ရက်မှာ သူ့ကို အုပ်ချုပ်ရေးမှူးအဖြစ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးက ခန့်အပ်ခဲ့ပါတယ်။ “ကျမတို့ ပြည်သူ့ဆန္ဒနဲ့ တင်မြှောက်ထားပြီး မဲအနိုင်ရရှိထားတဲ့ ကိုကျော်ဆန်းဦးကို ကျမတို့ အုပ်ချုပ်ရေးမှူး ပြန်ခန့်အပ်ပေးရေးပေါ့။ ကိုမြတ်မင်းထွန်းက မဲလိပ်ပေါက်ပြီးတော့ အခု မြို့နယ်အထွေထွေအုပ်ချုပ်ရေးကနေ အတည်ပြုခန့်အပ်ထားတဲ့လူပါ” လို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်ကတော့ ဒီကိစ္စမှာ ကြီးကြပ်ရေးကော်မတီနဲ့ လုပ်ဆောင်ခဲ့တာဖြစ်လို့ ဘာမှ ပြောစရာမရှိဘူးလို့ ပြောပါတယ်။ “ဒါကတော့ ကြီးကြပ်တွေ ၅ ဦးလေ။ ကျေးရွာအုပ်ချုပ်ရေး ကြီးကြပ်ရေး ၅ ဦးက ဆောင်ရွက်တဲ့ကိစ္စ ဖြစ်တယ်။ နောက် ကိုယ်စားလှယ်လောင်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်တဲ့ကိစ္စ ဖြစ်တယ်။ ကြီးကြပ်တွေ ၅ ဦး ဆောင်ရွက်တာ ဖြစ်တဲ့အတွက် ကျနော်တို့က ဘာမှ မှတ်ချက်ပေးစရာ အကြောင်းမရှိဘူး။” ဒီနေ့ဆန္ဒပြပွဲမှာ ကျေးရွာ ၃ ရွာက လူပေါင်း ၇၀၀ လောက် ပါဝင်ဆန္ဒပြခဲ့ကြပြီး မကွေးမြို့ အေးစေတီရှေ့ကနေစပြီး မြို့တော်ခန်းမရှေ့အထိ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024