ချစ်စဖွယ်ကကွက်များနဲ့ Baby Shark ကလေးသီချင်း ကြည့်ရှုသူ သန်း ၁၇၀၀ ကျော်ရှိ (ရုပ်သံ)
Published By
DVB | 28 September, 2018
2.5K
0
Share
0
Comment
0
Likes
ကလေးသီချင်းတပုဒ်ဖြစ်တဲ့ Baby Shark သီချင်းဟာ လတ်တလောမှာတော့ နာမည်ကြီးနေပြီး သီချင်းထဲကလို ချစ်စဖွယ် ကကွက်တွေနဲ့ Challenge တွေ လုပ်နေကြကာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေပါတယ်။
ငါးမန်းမိသားစုအကြောင်း ချစ်စဖွယ် ရိုးရှင်းတဲ့ စာသားတွေနဲ့ ဖန်တီးထားတဲ့ ဒီသီချင်းဟာ ယူကျု အင်တာနက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြသူ သန်း ၁၇၀၀ ကျော် ရှိနေခဲ့တာပါ။
ရေပန်းအစားဆုံး ထိပ်တန်းသီချင်းထဲ ရောက်လာခဲ့တဲ့ ဒီသီချင်းနဲ့အတူ တဦးချင်း၊ ဒါမှမဟုတ် အုပ်စုလိုက် သရုပ်ပြ ကခုန်တာတွေကို လုပ်ဆောင်နေကြတာပါ။
ဒါပေမယ့် ဒီသီချင်းဟာ ခုမှပေါ်လာတာတော့ မဟုတ်ပါဘူး။ ဒီသီချင်းကို နှစ်ပေါင်းများစွာကတည်းက ကလေးငယ်တွေရဲ့ အားလပ်ရက် အပန်းဖြေစခန်းတွေမှာ သီဆိုနေခဲ့ကြတာ ဖြစ်ပါတယ်။
ငါးမန်းရဲ့ ပါးစပ်အကျယ်ကြီး ဟထားတဲ့ပုံစံ လက်သင်္ကေတပြ လှုပ်ရှားကခုန်ရတဲ့ ဒီသီချင်းကို ဂျာမနီမှာ ကလိုင်နားဟိုင်အမည်နဲ့ ၂၀၀၇ ခုနှစ်လောက်က စတင် ရေပန်းစားလာခဲ့တာလို့ ဆိုပါတယ်။
“ဟိုင်း ကျမကတော့ အလက်ဇန္ဒားမီလာပါ။ လွန်ခဲ့တဲ့ ၁၁ နှစ်လောက်က ကျမ ဒီသီချင်းကို လုပ်ခဲ့တယ်။ ဒီသီချင်းဟာ ယူကျုပေါ်မှာ အရမ်းရေပန်းစားလာခဲ့တယ်။ ကျမထင်တယ်၊ ဒါ ကျမတို့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကတည်းက ကြားဖူး ဆိုဖူးခဲ့ကြတဲ့ သီချင်းပဲ။ ဒါကို အမှတ်တရ အပျော်သဘောနဲ့ ယူကျုပေါ်တင်လိုက်တာ။ ကြည့်တဲ့သူ သန်းချီရှိသွားတာပါ။ ထုတ်လုပ်သူတယောက်က လာပြီး ဒါကိုထုတ်ဖို့ ဆက်သွယ်လာခဲ့တာပါပဲ။”
၂၀၁၆ ခုနှစ်လောက်မှာတော့ တောင်ကိုရီးယားနိုင်ငံဆီ ဒီသီချင်းက ပျံ့နှံ့သွားခဲ့ပြီး သီချင်းပုံစံတမျိုးနဲ့ တင်ဆက်လိုက်ချိန်မှာလည်း တကျော့ပြန် ရေပန်းစားခဲ့ပြန်ပါတယ်။
အန်နီမေးရှင်း အထူးပြုလုပ်ချက်တွေနဲ့အတူ ကလေးတွေရဲ့ လှုပ်ရှားကခုန်မှုနဲ့ ဒီသီချင်းဟာ လက်ရှိမှာတော့ ကလေးတွေရော၊ လူကြီးတွေပါ ကြိုက်နှစ်သက်နေကြတာ ဖြစ်ပါတယ်။