အိမ်ဖောက်ထွင်းခိုးယူသည့် ကျောင်းဆရာမနှင့် ခင်ပွန်း လုံခြုံရေးဝန်ထမ်းကို ဖမ်းဆီး

ဓာတ်ပုံ - Surachai Piragsa
ထိုင်းနိုင်ငံမှာ အိမ်ဖောက်ထွင်းခိုးယူခဲ့ကြတဲ့ ကျောင်းဆရာမတဦးနဲ့ ခင်ပွန်းဖြစ်သူ လုံခြုံရေးဝန်ထမ်းကို ရဲတွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ နာဖိုးခရိုင်ထဲမှာ ဖြစ်ခဲ့ပြီး စုစုပေါင်း ဘတ်ငွေ ၅ သိန်းကျော် တန်ကြေးရှိတဲ့ ပစ္စည်းတွေကို ခိုးယူခဲ့ကြတာပါ။ ခရိုင်ပညာရေးဌာန အာဏာပိုင်တွေဟာ အဲဒီ ကျောင်းဆရာမဖြစ်သူရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ကြတာဖြစ်ပြီး ပြစ်မှုအတွက် ထိုက်သင့်တဲ့ပြစ်ဒဏ် ချမှတ် အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ဘူရီယမ်ခရိုင် ပညာရေးဌာန အကြီးအကဲ ဆွန်ဆက်ခ်ချော့ပ်သမ်ဒီးက ပြောပါတယ်။ အသက် ၄၃ နှစ်အရွယ် ဆူဖာဖွန် အမည်ရတဲ့ ကျောင်းဆရာမဟာ နာဖိုးခရိုင် မူလတန်းကျောင်းတကျောင်းမှာ တာဝန်ကျနေတာ ဖြစ်ပါတယ်။ သူနဲ့အတူ ပြစ်မှုကျူးလွန်တဲ့ အသက် ၅၀ အရွယ် ခင်ပွန်းဖြစ်သူ လေဆိပ်လုံခြုံရေးဝန်ထမ်း ဆူဝပ်ကိုပါ ရဲတွေက စက်တင်ဘာ ၂၆ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့တာပါ။ ဖမ်းဆီးရမိတဲ့ ခိုးပါရာပစ္စည်းတွေထဲမှာတော့ ပိုးထည်အစုံ ၂၁ စုံ၊ ဗုဒ္ဓဆင်းတုတော် ၁၀ ဆူ၊ ရွှေလည်ဆွဲ ၂ ကုံး စတဲ့ပစ္စည်းတွေ ပါဝင်ပြီး အဲဒီပစ္စည်းတွေနဲ့အတူ တောခုတ်ဓားမြှောင် ၇ လက်၊ ဓားမကြီး ၁ လက်၊ ပစ္စတိုသေနတ် ၁ လက်၊ ကျည်ဆန် ၅၀ နဲ့ ဘီဘီသေနတ် ၂ လက်ကိုပါ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့လင်မယားကို ရဲစခန်းမှာ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ ခိုးမှုတွေနဲ့ အရေးယူသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကျောင်းဆရာမဖြစ်သူကိုတော့ ပြစ်မှုစစ်ဆေးစုံစမ်းရေးတွေ လုပ်ဆောင်နေချိန်မှာ စာသင်ကြားရေး တာဝန်ကနေ ရပ်ဆိုင်းထားမှာဖြစ်တယ်လို့ ပညာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ခုလို ဖမ်းဆီးမှုဟာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ဒေသတွင်း နေအိမ်တွေက သူတို့မှာ ပိုးထည်တွေနဲ့ တခြား အဖိုးတန်ပစ္စည်းတွေ မကြာခဏ ပျောက်ဆုံးနေတယ်လို့ ရဲတွေကို တိုင်ကြားမှုတွေ ရှိလာခဲ့ချိန်မှာ စုံစမ်းစစ်ဆေးခဲ့အပြီး အရေးယူနိုင်ခဲ့တာပါ။ ပိုးထည်ခိုးယူခံခဲ့ရသူတွေထဲက တဦးက ဖေ့စ်ဘွတ်ခ်ပေါ်မှတဆင့် သူ့ရဲ့ ပိုးထည်တွေကို ရောင်းချနေတာ သံသယဝင်ခဲ့ပြီး ရဲတွေကို တိုင်ကြားခဲ့ချိန်မှာ အကောင့်ပိုင်ရှင် ကျောင်းဆရာမကို ခြေရာခံနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ကျောင်းဆရာမလင်မယားရဲ့ နေအိမ်ကို ရှောင်တခင် စစ်ဆေးခဲ့ချိန်မှာတော့ ဖောက်ထွင်းခိုးယူထားတဲ့ ပစ္စည်းတွေကို သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ခိုးယူခံရသူတွေထဲက ၅ ဦးဟာ ရဲစခန်းမှာ သူတို့ရဲ့ပစ္စည်းတွေကို လာရောက် ထုတ်ဖော်ပေးနိုင်ခဲ့ပြီး ခိုးရာပါပစ္စည်းတွေကို ပြန်လည်ရောင်းချထားတဲ့ ကိစ္စတွေကိုလည်း ဖော်ထုတ်အရေးယူသွားမယ်လို့ ရဲတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up