အိန္ဒိယတွင် ၃ ထပ်အဆောက်အဦ ပြိုကျမှုကြောင့် သေဆုံးသူ ၇ ဦးထက်မနည်းရှိ

အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းက ၃ ထပ် အဆောက်အဦတလုံး ပြိုကျအပြီး လူ ၇ ဦးထက်မနည်း သေဆုံးတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ ပြိုကျတဲ့နေရာကနေ လူ ၁၂ ဦးကို ကယ်ထုတ်ခဲ့ပေမယ့် ၅ ဦး သေဆုံးခဲ့တယ်လို့ အိန္ဒိယ အမျိုးသားကပ်ဘေး တုံ့ပြန်ရေးတပ်က အဲဒီနေ့ညနေပိုင်းမှာ ပြောပါတယ်။ ကျန်တဲ့လူ ၇ ဦး ဒဏ်ရာရထားပါတယ်။ အပျက်အစီးတွေအောက်မှာ လူအတော်များများ ပိတ်မိနေတယ်လို့ ယုံကြည်နေကြောင်း ရဲတွေကို ကိုးကားပြီး မီဒီယာတွေက ဖော်ပြကြပါတယ်။ အနှစ် ၂၀ သက်တမ်းရှိတဲ့ အဆောက်အဦကို တိုင်ကြားမှုတွေကြောင့် စည်ပင်အဖွဲ့က လွန်ခဲ့တဲ့ ရက် ၂၀ လောက်က စစ်ဆေးခဲ့ပြီးပါပြီ။ ဒါပေမယ့် အဆောက်အဦကို အန္တရာယ်ရှိကြောင်း ကြေညာဖို့ ပျက်ကွက်ပြီး တိုင်ကြားတာ မရှိခဲ့ဘူးလို့ ဒေလီမြောက်ပိုင်းစည်ပင် ကော်ပိုရေးရှင်းက အခိုင်အမာ ပြောပါတယ်။ ဒီဖြစ်ရပ်ကို စစ်ဆေးဖို့ ခရိုင်ရုံးကို ဒေလီမြို့တော် အစိုးရက အမိန့်ထုတ်ထားပြီးပါပြီ။ ရဲကလည်း အဆောက်အဦပိုင်ရှင်နဲ့ ပိုင်ရှင်ရဲ့ စီးပွားရေးမိတ်ဘက်ဖြစ်ပြီး အဆောက်အဦ အငှားချသူတွေကို လူသတ်မှုမမြောက်တဲ့ လူသေမှုနဲ့ အမှုဖွင့် စုံစမ်းနေပါတယ်။ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်စီရင်ခံရမှာဖြစ်ပြီး စွပ်စွဲခံရသူတွေ အားလုံးကတော့ ပျောက်ဆုံးနေပြီး ထွက်ပြေးနေပြီလို့ ယူဆနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up