စုပေါင်းအားဖြင့် ဒီမိုကရေစီဖက်ရယ်ပြည်ထောင်စုသစ် ထူထောင်မည်ဟု အဖွဲ့ချုပ်ကြေညာ
သူဇာလင်း
·
September 27, 2018
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်သူစုပေါင်းအင်အားနဲ့ ဒီမိုကရေစီဖက်ရယ် ပြည်ထောင်စုသစ်ထူထောင်ရေး လုံးဝအောင်မြင်တဲ့အထိ ကြိုးပမ်းသွားမယ်လို့ ပါတီ နှစ် ၃၀ ပြည့် ကြေညာချက်မှာ အဓိဋ္ဌာန်ပြုလိုက်ပါတယ်။
အန်အယ်လ်ဒီအစိုးရ တာဝန်ယူတဲ့ ၂ နှစ်ကျော် ကာလအတွင်းမှာပဲ အန်အယ်လ်ဒီပါတီ အစိတ်စိတ်အမွှာမွှာဖြစ်ပြီး ပြိုကွဲနေပြီလို့ ဝေဖန်မှုတွေ ထွက်ပေါ်နေပေမယ့် ပါတီအနေနဲ့ ဘယ်လို ဝေဖန်မှုတွေရှိနေပါစေ အန်အယ်လ်ဒီရဲ့မူအတိုင်းပဲ ကြားဖြတ်ရွေးကောက်ပွဲကို စည်းလုံညီညွတ်စွာနဲ့ ဖြတ်သန်းသွားမယ်လို့လည်း အခမ်းအနား သဘာပတိ အဖြစ် ဆောင်ရွက်တဲ့ ပါတီဗဟို အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။
ဒါ့ပြင် အန်အယ်လ်ဒီ အစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ အားရမှုမရှိပေမယ့်လည်း အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒကိုပဲ ဦးစားပေး လုပ်ဆောင်နေတာဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း နှစ် ၃၀ ပြည့်နှစ် ပုလဲရတု အခမ်းအနားကို စက်တင်ဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာရှိတဲ့ အန်အယ်လ်ဒီ ရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကနဲ့ သဘာပတိအဖွဲ့ဝင်တွေ၊ ဗဟိုအလုပ်အမှုဆောင် ဗဟိုကော်မတီဝင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သံတမန်တွေ တက်ရောက်ခဲ့ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်မှာ ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးတင်ဦးတို့ ခေါင်းဆောင်ပြီး စတင်ဖွဲ့စည်း တည်ထောင်ခဲ့ တာဖြစ်ပါတယ်။
နှစ် ၃၀ ပြည့်ပါတီဖွဲ့စည်းတည်ထောင်ခြင်း နှစ်ပတ်လည်အခမ်းအနားကို တနိုင်ငံလုံးမှာရှိတဲ့ ဒေသဆိုင်ရာ အဖွဲ့ချုပ်ရုံးတွေမှာလည်း တပြိုင်နက်ထဲ ကျင်းပနေပြီး မန္တလေးမှာတော့ မနေ့က တရက်ကြိုတင် ကျင်းပသွား ပါတယ်။