အရေးပေါ်ခန်းမှ လူနာတဦးအား ကြမ်းတမ်းစွာကိုင်တွယ်သည့် သူနာပြုဆရာမ ဝေဖန်ခံရ (ရုပ်သံ)

ထိုင်းနိုင်ငံရှိ ဆေးရုံတရုံမှာ သူနာပြုဆရာမတဦးက အိုင်စီယူ (အရေးပေါ်ခန်း) ထဲက လူနာတဦးကို ကြမ်းတမ်းစွာ ကိုင်တွယ်တဲ့ရုပ်သံ ထွက်ပေါ်ခဲ့ပြီးနောက် ပြစ်တင်ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ปวรณา เกตุปาน  မည်ရှိ ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်က “သူနာပြုတွေရဲ့ ကျင့်ဝတ်က ဒီလိုလား၊ အပြစ်က လူပေါ်မူတည်တာလား။ အဖေလည်း ဒီလိုလူနာဖြစ်ဖူးတယ်။ ဒါပေမယ့် အမေက အနားကမခွာ ပြုစုနေလို့ ဒီလိုလုပ်တာ မခံရဘူး။ နည်းနည်းပါးပါး အငေါက်ခံရတာပဲ ရှိတယ်။ သူလုပ်တာကို ဘယ်သူမှ တွေ့မှာမဟုတ်ဘူးလို့ ထင်နေလားမသိ။ ဒီဗွီဒီယိုကလစ်ကို  မြင်သူဟာ ငါတယောက်တည်း မဖြစ်စေရဘူး” လို့ စတေးတပ်ရေးထားပြီး သူနာပြုတဦးက လှဲနေတဲ့ လူနာမျက်နှာကို စောင်နဲ့ပစ်ထည့်ကာ ဆောင့်ဆွဲပြီး အနေအထား ပြုပြင်ပေးနေတဲ့ ဗွီဒီယိုကလစ်ကို တင်ခဲ့တာပါ။ အဲဒီဗွီဒီယိုကလစ်ဟာ အခုချိန်ထိ ကြည့်သူပေါင်း ၁၀ သန်းဝန်းကျင်ရှိပြီး ထပ်ဆင့်ဖြန့်ဝေသူပေါင်း ၂ သိန်းကျော်ကာ သူနာပြုဆရာမကို အမျိုးမျိုး ပြစ်တင်ဝေဖန်နေကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခေါင်ဆွတ်သတင်းဌာနက ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်ကို စုံစမ်းမေးမြန်းရာမှာ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ဗိဿနုလုတ်ခရိုင် ဗုဒ္ဓချိုင်းရာ့ခ်ျဆေးရုံကဖြစ်ပြီး  လူနာမှာ ဆွေမျိုးမဲ့သူတဦးဖြစ်ကြောင်း၊ ဆေးရုံကိုလာတဲ့ ဧည့်သည်တဦးက အမှတ်တမဲ့မြင်မိပြီး ဗွီဒီယိုရိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီဗွီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပြန့်သွားပြီးတဲ့နောက် စက်တင်ဘာ ၂၆ ရက်နေ့ မနက်မှာတော့ အဲဒီဆေးရုံက လက်ထောက်ဆေးရုံအုပ်ကြီးနဲ့ အရေးပေါ်လူနာခန်း ဌာနမှူးတို့က သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။ သူတို့ဆေးရုံမှာ ဖြစ်သွားတဲ့ကိစ္စ လူမှုကွန်ရက်မှာ အပြင်းအထန် ဝေဖန်ခံနေရလို့  စိတ်မကောင်းဖြစ်မိပြီး အားလုံးကို တောင်းပန်ကြောင်း၊ ကာယကံရှင် သူနာပြုကတော့ လူနာဟာ ခုတင်ပေါ်က ကျလုဆဲဆဲဖြစ်နေလို့ အလျင်အမြန် ပြန်ဆွဲတင်ရတာကို ကြမ်းတမ်းစွာ ကိုင်တွယ်သလို ဖြစ်သွားတယ်လို့ ပြောကြောင်း၊ ဒါပေမယ့် ဒီကိစ္စကို ကော်မတီတရပ်ဖွဲ့ပြီး ဆက်လက်စုံစမ်းစစ်ဆေးမှာဖြစ်ကြောင်း၊ နောက်နောင် အခုလိုကိစ္စမျိုး ထပ်မဖြစ်စေဖို့ ဝန်ထမ်းတွေကို  ကြပ်မတ်သွားမယ့်အကြောင်း ဆေးရုံတာဝန်ရှိသူတွေက ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up