အမေရိကန် လွှတ်တော်ရွေးကောက်ပွဲကို တရုတ် ဝင်စွက်ဖက်ရန် လုပ်နေဟု ထရမ့် စွပ်စွဲ

ဓာတ်ပုံ - Reuters
တရုတ်ဟာ ၂၀၁၈ အမေရိကန် လွှတ်တော်ရွေးကောက်ပွဲတွေမှာ ပါဝင်စွက်ဖက်ဖို့ လုပ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၂၆ ရက်မှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။ သမ္မတထရမ့်က သူ့ရဲ့ ကုန်သွယ်ရပ်တည်ချက်ကြောင့် ဘေဂျင်းဟာ ရီပတ်ဘလစ်ကန်ပါတီကို အနိုင်မရစေချင်ဘူးလို့လည်း ဆိုပါတယ်။ လုံခြုံရေးကောင်စီ အစည်းအဝေးပွဲအတွင်း သမ္မတထရမ့်က အခုလို ပြောဆိုလိုက်တာဖြစ်ပေမယ့် ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး သမ္မတ ထရမ့်ဘက်က သက်သေခိုင်ခိုင်လုံလုံ မပြောခဲ့ပါဘူး။ တရုတ်ဘက်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုပါတယ်။ တရုတ်နိုင်ငံတော်ကောင်စီဝင်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဝမ်ယီက တရုတ်နိုင်ငံဟာ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်တဲ့ မူဝါဒကို ကျင့်သုံးလာတယ်ဆိုတာ ကျနော်ပြောချင်တယ်။ ဒါဟာ တရုတ်ရဲ့ နိုင်ငံခြားရေးမူ ဖြစ်တယ်။ ဒီမူကို ထိန်းသိမ်းထားလို့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ချီးကျူးခံထားရတယ်။ တရုတ်နိုင်ငံဟာ ဘယ်နိုင်ငံရဲ့ ပြည်တွင်းရေးကိုမှ ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်သလို လုပ်သွားမှာလည်း မဟုတ်ပါဘူး။ ဒါ့ကြောင့် တရုတ်နိုင်ငံကို အခုလို စွပ်စွဲတာမျိုးကို လက်မခံဘူး” လို့ လုံခြုံရေးကောင်စီမှာ ပြန်လည်တုံ့ပြန် ပြောဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up