သိမ်ကြီးဈေး(C)ရုံနှင့် (D)ရုံကို ဂိုဒေါင်သဖွယ်အသုံးပြုနေမှု စစ်ဆေးအရေးယူနေ
DVB
·
September 26, 2018
ရန်ကုန်မြို့လယ် စီးပွားရေး အချက်အခြာကျတဲ့နေရာမှာရှိတဲ့ အထင်ကရ ဈေးဝယ်ကုန်တိုက်ကြီးတခုဖြစ်ခဲ့တဲ့ သိမ်ကြီးဈေး (C)ရုံနဲ့ (D)ရုံထဲမှာ ဆိုင်ခန်းတွေ ဖွင့်လှစ် ရောင်းချခြင်းမရှိဘဲ ဂိုဒေါင်သဖွယ်အသုံးပြုနေတာကို စစ်ဆေးအရေးယူနေတယ်လို့ ရန်ကုန်မြို့တော်ဝန်က ပြောပါတယ်။
စက်တင်ဘာ ၂၅ ရက်က ရန်ကုန်တိုင်းလွှတ်တော်မှာ လသာမြို့နယ်အမတ် ဦးကျော်မင်းဟန်က ရန်ကုန်တိုင်းရှိ ဈေးတွေမှာ ဈေးအင်္ဂါရပ်နဲ့ မညီဘဲ ပစ္စည်းသိမ်း ဆည်းတဲ့ ဂိုဒေါင်တွေရှိနေလို့ ဈေးအရောင်းအ၀ယ် စည်းကားလာစေရန်ဖို့နဲ့ စည်းကမ်း သတ်မှတ် ဆောင်ရွက်ရန် အစီအစဉ်ရှိ၊မရှိ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့တာပါ။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက “အထူးသဖြင့် သိမ်ကြီးဈေး(C)ရုံက အရောင်းအဝယ်စည်ကားမှု အားနည်းနေတယ်။ အားနည်းချက်ကို အသုံးချကာ ဂိုဒေါင်သဖွယ်အသုံးချပြီး တခြားနေရာမှာ သွားရောင်းတယ်။ သိမ်ကြီးဈေး (A)ရုံနဲ့ (B)ရုံကျတော့ ရောင်းကောင်းတယ်။ ဒီနေရာသွားပြီးတော့ စုပုံပြီးရောင်းတယ်။ နောက် သိမ်ကြီးဈေး (D)ရုံမှာလည်း ဆိုင်ခန်းတွေကလည်း ပစ္စည်းတွေ လာရောက်သိုလှောင်ထားတာ ရှိတဲ့အတွက်ကြောင့် ဈေးများဌာနရယ်၊ အနောက်ပိုင်းခရိုင်ကနေ မြေပြင်ကွင်းဆင်းပြီး စစ်ဆေးအရေးယူခဲ့ပါတယ်။”လို့ပြောပါတယ်။
သိမ်ကြီးဈေး (D)ရုံမှာ ဂိုဒေါင်သဖွယ် ပစ္စည်းသိုလှောင်ထားတဲ့ ဆိုင်ခန်းပေါင်း (၁၈၆)ခန်းရှိတဲ့အကြောင်းနဲ့ အရေးယူနေရာမှာ ဆိုင်ခန်းပေါင်း (၂၄) ခန်းပဲကျန်တော့တဲ့ အကြောင်း အဆိုပါ ဆိုင်ခန်းတွေကို ဒီဇင်ဘာလ နောက်ဆုံးထားဖယ်ရှားဖို့ သတိပေးချက် ထုတ်ထားတယ်လို့လည်းပြောပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ဈေးများဌာနကွပ်ကဲမှုအောက်ရှိ ဈေးတွေမှာ အငှားချထားတဲ့ ဈေးဆိုင်ခန်းတွေကို စနစ်တကျ ရောင်းချဖို့ အတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့ စည်းကမ်းချက်တွေ သတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။
ဆိုင်ခန်းအငှားချထားသူတွေ လိုက်နာရမယ့် စည်းကမ်းချက်ပေါင်း (၃၄)ချက်ရှိပြီး ဒီအထဲမှာ ဆိုင်နေရာတွေကို ပစ္စည်းများ စုပုံသိုလှောင်တဲ့ ဂိုဒေါင်သဖွယ် အသုံးမပြုရ ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။