Homeမြန်မာသတင်း
နည်းပညာကို ခုန်ပျံကျော်လွှားသုံးနိုင်သည့်အခွင့်အရေး မြန်မာရခဲ့ဟု ဝန်ကြီး ဦးကျော်တင်ပြော
နည်းပညာကို ခုန်ပျံကျော်လွှားသုံးနိုင်သည့်အခွင့်အရေး မြန်မာရခဲ့ဟု ဝန်ကြီး ဦးကျော်တင်ပြော
DVB
·
September 26, 2018
မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုးမှုနဲ့ ဒစ်ဂျစ်တယ် နည်းပညာမှာ ဒေသတွင်းနိုင်ငံတွေထက် နောက်ကျခဲ့ပေမယ့် ပြုပြင်ပြောင်းလဲမှုတွေနဲ့ တံခါးဖွင့်စီးပွားရေး ကျင့်သုံးမှုတို့ကြောင့် နည်းပညာကို ခုန်ပျံကျော်လွှား အသုံးပြုနိုင်တဲ့ အခွင့်အရေးရရှိခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။
စက်တင်ဘာ ၂၄ ရက်က နယူးယောက်မြို့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ side-event အဖြစ် ကျင်းပတဲ့ ‘Digitalization People’s Lives: 2030 Agenda in Action’ ဆွေးနွေးပွဲမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီးက ပြောတဲ့ အကြောင်း နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဝန်ကြီး ဦးကျော်တင်က “မြန်မာနိုင်ငံအနေနဲ့ ဖွံဖြိုးမှုနဲ့ ဒစ်ဂျစ်တယ် နည်းပညာမှာ ဒေသတွင်းနိုင်ငံတွေထက် နောက်ကျခဲ့ပေမယ့် ၂၀၁၂ ခုနှစ်နဲ့ ဆက်သွယ်ရေးနည်းပညာ ကဏ္ဍ အပါအဝင် နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ တံခါးဖွင့် စီးပွားရေး ကျင့်သုံးမှု တို့ကြောင့် နည်းပညာကို ခုန်ပျံကျော်လွှား အသုံးပြုနိုင်တဲ့ အခွင့်အရေး ရရှိခဲ့တယ်”လို့ ပြောပါတယ်။
ဥပမာအားဖြင့် ကြိုးဖုန်းနည်းပညာမှ လက်ကိုင်ဖုန်းကို 3G၊ 4G နည်းပညာနဲ့ အသုံးပြု လာနိုင်တယ်၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မိုဘိုင်းဖုန်း SIM Card ရဲ့ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁၅၀၀ ဖြစ်ပြီး၊ ယခုအခါ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာသာ ကျတော့တယ်၊ နည်းပညာဆိုင်ရာ တီထွင်မှုတွေနဲ့ ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲမှုဟာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး ရည်မှန်းချက်တွေကို ပိုမိုလျင်မြန်စွာ အကောင်အထည်ဖော်နိုင်မယ်၊ ဒစ်ဂျစ်တယ်ဈေးကွက်ကို နိုင်ငံတွေအကြား မညီမျှမှုတွေကို လျှော့ချနိုင်ဖို့ အသုံးပြုသင့်တယ်၊ မြန်မာပြည်မှာလည်း မြို့ပြနဲ့ ကျေးလက် နည်းပညာကွာဟမှုကို လျှော့ချဖို့ ဆောင်ရွက်နေတယ် လို့လည်း ၀န်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံ ဒစ်ဂျစ်တယ် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာမှာ ဒစ်ဂျစ်တယ်ဆိုင်ရာ မူဝါဒ၊ ဘဏ္ဍာရေး အကန့်အသတ်နဲ့ နည်းပညာကျွမ်းကျင်သူ လိုအပ်ချက် မြင့်မားတဲ့ စိန်ခေါ်မှုတွေ ကြုံတွေ့နေရတယ် ဒါပေမယ့် လူငယ်အများစုဟာ သင်လွယ်တတ်လွယ်ရှိမှုနဲ့ ကြိုးစားလိုစိတ် ပြင်းပြမှုရှိနေတာဟာ မိမိတို့အား ဒစ်ဂျစ်တယ် စီးပွားရေးစနစ်သို့ ကူးပြောင်းဖို့ တွန်းအားတစ်ရပ် ဖြစ်တယ်လို့လည်း ၀န်ကြီးကဆိုပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ဟာ ကုလသမဂ္ဂ ဌာနချုပ်မှာ အမေရိကန် ပြည်ထောင်စုက ကြီးမှူးကျင်းပတဲ့ ကမ္ဘာ့မူးယစ်ဆေးဝါးပြဿနာ တိုက်ဖျက်ရေး ဆိုင်ရာ အခမ်းအနားကို တက်ရောက်ခဲ့သလို နယ်လ်ဆင် မန်ဒဲလား ရာပြည့်မွေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲကိုလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-MOFA