A d v e r t i s e m e n t With Us

မျက်နှာတပြင်လုံး တက်တူးထိုးထားသည့် အံ့ဖွယ်ထိုင်ဝမ်မျိုးနွယ်စုဝင် အဘွားအို

မျက်နှာတပြင်လုံး တက်တူးအပြည့်ထိုးထားတဲ့ ယာယွတ် ဆစ်စ်ဝါစ်ဟာ ထိုင်ဝမ်ရဲ့ နောက်ဆုံးအသက်ရှင်ကျန်ရစ်တဲ့ ရှားပါးမျိုးနွယ်စုဝင် အမျိုးသမီးတဦးပါ။ သူက ဘာကြောင့် တက်တူးအပြည့်နဲ့ မျက်နှာတွေဟာ အရေးပါပြီး ဘာကြောင့် ဒါကို ရပ်တန့်လိုက်ချင်ရတယ်ဆိုတဲ့ အကြောင်းရင်းကို ဘီဘီစီသတင်းကို ဖြေကြားလိုက်ပါတယ်။ “ကျမအသက် ၈ နှစ်အရွယ်တည်းက မျက်နှာမှာ တက်တူးတွေ ထိုးခဲ့တာပါ။ နောက်ဆုံး ကျမကိုယ်ကျမ မှန်ထဲပြန်ကြည့်လိုက်ချိန်မှာ ဒါဟာ ငါလားလို့တောင် အံ့သြခဲ့ရတယ်။” ဒါဟာ ရှေးအကျဆုံး လူသားမျိုးနွယ်စုရဲ့ ဂုဏ်ယူစရာ အမှတ်အသားတခုအဖြစ် ထိုးခဲ့ကြတာလို့ သူက ဆိုပါတယ်။ ယာယွတ် ဆစ်စ်ဝါစ်ဟာ ထိုင်ဝမ်မျိုးနွယ်စုတခုဖြစ်တဲ့ အထေရယ်မျိုးနွယ်စုဝင်အ မျိုးသမီးတဦးဖြစ်ပါတယ်။ သူတို့ မျိုးနွယ်စုရဲ့ ရိုးရာယုံကြည်မှုနဲ့ အစဉ်အလာအရ မျက်နှာမှာ တက်တူးထိုးတာဟာ အသက်အရွယ်အရ ရင့်ကျက်လာမှု၊ အောင်မြင်မှုနဲ့ မျိုးနွယ်စုအမှတ်အသားတခုအဖြစ် ထိုးကြတာ ဖြစ်ပါတယ်။ လက်ရှိကာလမှာတော့ ဒီအစဉ်အလာဟာ တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့ပြီ ဖြစ်ကာ ယာယွတ် ဆစ်စ်ဝါစ်ကတော့ မျက်နှာမှာ တက်တူးအပြည့်နဲ့ တဦးတည်းသော ကျန်နေခဲ့သူ အမျိုးသမီးဖြစ်လို့ နေပါတယ်။ တက်တူးထိုးရတဲ့ ဖြစ်စဉ်အဆင့်ဆင့်ဟာ တနေကုန်ကြာမြင့်ပြီး အပ်ငယ်ကလေး ပေါင်းများစွာနဲ့ မျက်နှာကို ထိုးဖောက်ရတာဖြစ်ကာ ဘယ်လောက်နာကျင်ရတယ်ဆိုတာ ပြောမပြတတ်အောင်ပါပဲလို့ သူက ဆိုပါတယ်။ “အရမ်းနာကျင်ရလွန်းလို့ ကျမမျက်နှာမှာ ယောင်ကိုင်းနေပြီး သွေးတွေလည်း ထွက်ခဲ့ရတယ်”    အဲလိုဒဏ်ရာတွေဟာ လနဲ့ချီကြာ ကုသခဲ့ရသေးတယ်လို့လည်း ပြောပါတယ်။ အဆိုပါ ဒေသဟာ ဂျပန်ကိုလိုနီဖြစ်ခဲ့ချိန်မှာ ဒီဓလေ့ထုံးစံကို ပယ်ဖျက်ပစ်ဖို့ အစိုးရက ကြိုးစားခဲ့ပါသေးတယ်။ “ကျမရဲ့ ဂျပန်လူမျိုး ဆရာက ဒါကိုတွေ့သွားချိန်မှာ အဖေ့ကို မေးခဲ့တယ်။ ခင်ဗျား သမီးကို ခုလိုညှဉ်းပန်းနှိပ်စက်ရတာ ဘယ်လိုလဲ ဆိုပြီးတော့။ ဒါပေမယ့် ကျမအနေနဲ့ တက်တူးထိုးဖို့ ငြင်းပယ်ရင် အသိုင်းအ၀ိုင်းကြားမှာ အတူတူနေလို့ မရနိုင်ဘူးလေ။ တချိန်တုန်းကတော့ တက်တူးထိုးပြီးရင် ကိုယ့်မျက်နှာကို ကိုယ်ပြန်ကြည့်ဖို့ မေ့လျော့ထားခဲ့ကြပြီး ကျမအလုပ်လုပ်တဲ့ အချိန်ကျတော့မှ ကိုယ့်မျက်နှာကိုယ် မြင်ခဲ့ရတာ။” သူ့မျက်နှာကို ပထမဆုံးမြင်ချိန်က ဒါဟာ သူဟုတ်ရဲ့လားလို့ အံ့အားသင့်ခဲ့ရပေမယ့် ခုချိန်မှာတော့ သူဟာ နိုင်ငံရဲ့ ကျန်နေရစ်တဲ့ တခုတည်းသော ရတနာတပါးဖြစ်လို့ နေခဲ့ပါပြီ။ “ကျမ သေဆုံးသွားခဲ့ရင်တော့ ဘာမှကျန်ခဲ့တော့မှာ ဟုတ်ပါဘူး” အထေရယ်မျိုးနွယ်စုတွေဟာ မျက်နှာမှာ တက်တူးထိုးမထားခဲ့ဘူးဆိုရင် ကွယ်လွန်ချိန်မှာ ကောင်းကင်က သက်တံ့တံတားကို ဖြတ်ကျော်မသွားနိုင်ဘူးလို့ ယုံကြည် ထားကြတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အဘွားအို ယာယွတ် ဆစ်စ်ဝါစ်က သူ့ရဲ့ သားမြေးနောင် လာနောက်သားတွေကို မျက်နှာအပြည့်တက်တူးထိုးတဲ့ ဓလေ့မျိုးကို မဖြစ်စေချင်တော့ဘူးလို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up