ရွှေပြည်သာ ၀ါးတရာကျေးရွာတွင် ဂိတ်ရင်းထားပြီး YBS ကားများ ပြေးဆွဲပေးရန် ညှိနှိုင်းနေ
DVB
·
September 25, 2018
ရွှေပြည်သာမြို့နယ်ရှိ ခရီးသွားပြည်သူတွေ အဆင်ပြေဖို့အတွက် ရွှေပြည်သာမြို့နယ် ဝါးတရာကျေးရွာမှာ ဂိတ်ရင်းထားပြီး YBS ကားတွေ ပြေးဆွဲပေးဖို့ ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ လျပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဒေါ်နီလာကျော်က ပြောပါတယ်။
ရွှေပြည် သာမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်း (ခ) ဦးဂေးမောင် က YBS ယာဉ်လိုင်းတွေ ဝါးတရာစက်မှုဇုန်၊ ဝါးတရာကျေးရွာအထိ ပြေးဆွဲနိုင်ခြင်း ရှိ၊မရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဒီနေ့ မေးမြန်းခဲ့တဲ့အပေါ် ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့တာပါ။
“ယာဉ်လိုင်းတွေပြေးဆွဲဖို့မှာ သစ်တင်ကားတွေနဲ့ ဂိတ်ရင်းထားဖို့အကိစ္စတွေမှာ နည်းနည်းအခက်အခဲလေး တွေရှိနေတဲ့အတွက် ကားဂိတ်ရင်းထားတယ်ဆိုရင် အဲဒီဂိတ်ရင်းမှာ ယာဉ်ရပ်နားကွင်းကို ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ အဲဒီယာဉ်ရပ်နားကွင်း ဆောင်ရွက်ပေးဖို့အတွက်ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် ဝါးတရာသို့ ပြေးဆွဲရေး ညှိနှိုင်းဆောင်ရွက်မှုကို ကျမတို့ YRTA နဲ့ အမှတ်(၄၀)ယာဉ်လိုင်းက အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီရယ်၊ သက်ဆိုင်ရာ ဒေသအဖွဲ့အစည်းများ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့ ညှိနှိုင်းဆွေးနွေးပြီးတော့ ပြေးဆွဲနိုင်မှုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။”
လက်ရှိမှာ YBS အမှတ် ၄၀ ယာဉ်လိုင်းက ရွှေပြည်သာမြို့နယ် ဒေါ်ဖွားရှင်လမ်းကနေ စတင်ပြေးဆွဲပေးနေပြီး ခရီးသွားပြည်သူနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ညှိနှိုင်းမှုအရ ဂိတ်ရင်းကို သံတင်းရွာမှ လမ်းကြောင်းခွဲပြေးဆွဲဖို့ စီမံဆောင်ရွက်နေတယ်လို့ ၀န်ကြီးက ပြောကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။