Home
မြန်မာသတင်း
ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ နှစ် ၅၀ ပြည့် ရွှေရတုကျင်းပ
DVB
·
September 25, 2018
ကယန်းပြည်သစ်တော်လှန်ရေးကောင်စီရဲ့ နှစ် (၅၀) ပြည့် ရွှေရတုအခမ်းအနားကို ကယန်းဒေသ ဖယ်ခုံမြို့နယ်၊ ဆီးဘူးကျေးရွာမှာရှိတဲ့ ကယန်းပြည်သစ်ပါတီရဲ့ ဗဟိုဌာနချုပ်မှာ ဒီကနေ့ မနက် ကျင်းပပါတယ်။ အခမ်းအနားမှာ ကယန်းပြည်သစ် တော်လှန်ရေးကောင်စီဥက္ကဋ္ဌက ကယန်းပြည်သစ် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဦးအိုင်နောင်ထားက မိန့်ခွန်း ပြောကြားရာမှာ “လူမျိုးတိုင်း တန်းတူညီမျှမှုရှိပြီး၊ ဒီမိုကရေစီအပြည့်အဝကျင့်သုံးနိုင်သည့် ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံသစ် ထူထောင်နိုင်သောအချိန်မှာ ကယန်းပြည်သစ် တော်လှန်ရေးကောင်စီ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ ကယန်းအမျိုးသားတို့ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ အများပြည်သူတို့၏ ဆန္ဒအရ စီမံအုပ်ချုပ်သော အဖွဲ့အစည်းတစ်ခုဖြစ်ဖို့ ယခုကစလို့ လေ့ကျင့်ပြင်ဆင်ထားရပါမယ်” လို့ ပြောပါတယ်။ ဒါ့အပြင် ကယန်းပြည်သစ်တော်လှန်ရေးကောင်စီအနေနဲ့ ကယန်းဒေသဖော်ထုတ်ရေးနဲ့ လူမှုဖွံ့ဖြိုးရေးအတွက် ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အခမ်းအနားမှာ ကယန်းပြည်သစ်ပါတီနဲ့ ကယန်းပြည်သစ်တပ်မတော်ကလည်း သဝဏ်လွှာတွေကို ပေးပို့ ဖတ်ကြားခဲ့ကြပြီး ကယန်းပြည်သစ်တပ်တော်က စစ်ရေးပြတာနဲ့ အခြားတိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ ကယန်း လူငယ်အသင်းအဖွဲ့တွေရဲ့ သဝဏ်လွှာတွေကို ဖတ်ကြားခဲ့ပါတယ်။ အခမ်းအနားကို တက်ရောက်လာတဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ၂ စောလှထွန်းက “တိုင်းရင်းသားပြည်သူတွေ အားလုံးကလည်း မြန်မာပြည်ရဲ့ စနစ်ဆိုးကနေ လွတ်မြောက် ပြီးတော့ ငြိမ်းချမ်းတဲ့ ဘဝတခုကို ရယူပိုင်ဆိုင်ချင်ကြသလို နိုင်ငံရဲ့ ငြိမ်းချမ်းမှုကိုလည်း ဖြစ်ချင်နေကြတယ်။ လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်ရဲ့ ဆွေးနွေးဖက်တွေကြား မဟုတ်တောင်မှ ပြည်သူ လူထုကလည်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်ထဲမှာ ဝိုင်းဝန်းပါဝင်လာကြဖို့ တိုက်တွန်းလိုတယ်” လို့ ဆိုပါတယ်။ ဒီအခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ရှမ်းပြည်လူမျိုးပေါင်းစုံပြည် သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(ကေအန်ပီပီ)နဲ့ အခြားကရင်နီလက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ်တွေ၊ ကယားပြည်နယ် ဒီမိုကရက်သစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကယန်းလူမှုအသင်းအဖွဲ့တွေနဲ့ ကယန်းပြည်သူတွေအပါအဝင် လူဦးရေ ၁၀၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။ ကယန်းပြည်သစ်တော်လှန်ရေးကောင်စီကို ၁၉၆၈ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး  ကယန်းပြည်သစ်ပါတီရဲ့ လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဖြစ်ပါတယ်။ ကယန်းပြည်သစ် ပါတီရဲ့ လက်အောက်မှာ ကယန်းပြည်သစ်တပ်မတော်နဲ့ ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။ သတင်း၊ ဓာတ်ပုံ- ခွန်းတူးတူးလေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024