ကလေးဝ-ယာကြီး လမ်းပိုင်း အိန္ဒိယအကူဖြင့် နိုင်လွန်ကတ္တရာခင်းမည်
DVB
·
September 25, 2018
ကလေးဝ-ယာကြီးလမ်းပိုင်းကို အိန္ဒိယနိုင်ငံရဲ့ အကူအညီနဲ့ နိုင်လွန်ကတ္တရာ နှစ်လမ်းသွား အဆင့်မြင့်လမ်းအဖြစ် ဖောက်လုပ်တော့မယ်လို့ လမ်းအထူးအဖွဲ့ ၇ က ဒုတိယ ညွှန်ကြားရေးမှူးက ပြောပါတယ်။
စက်တင်ဘာ ၂၅ ရက်နေ့က ကလေးဝမြို့ One Stop Service ရုံးမှာ ပြုလုပ်တဲ့ လမ်းကြောင်းမြေမလွတ်ခဲ့တဲ့ တောင်သူတွေကို မြေယာသီနှံ နစ်နာကြေးပေးတဲ့ အခမ်းအနားမှာ လမ်းအထူးအဖွဲ့ ၇ က ဒုတိယ ညွှန်ကြားရေးမှူးဦးစံမင်းအောင်က ပြောသွားတာပါ။
"မုံရွာက ကလေးဝဟာ ၁၁၅ မိုင်ကျော် ရှိပါတယ်။ အဲ့ဒီမှာ မိုင်တိုင် ၀ ကနေ ၄၀ ထိကို BOT စနစ်နဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အိန္ဒိယ အကူအညီနဲ့ လမ်းအဆင့်မြှင့်မှာကတော့ မိုင်တိုင် ၄၀ ကနေ ၁၁၅ မိုင် ၅ ဖာလုံထိ စုစုပေါင်း ၇၅ မိုင် ၅ ဖာလုံကိုတော့ လမ်းအဆင့်မြင့်တင်ခြင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။"
စီမံကိန်းဟာ ၂၀၁၈မှ ၂၀၂၀ထိ ၃ နှစ်စီမံကိန်း ဖြစ်ပေမယ့် ၂၀၁၈ စက်တင်ဘာအထိတော့ လုပ်ငန်းစတင်တာ မရှိသေးဘဲ မိုးအကုန်လောက် စတင်နိုင်မယ်လို့ သိရပါတယ်။
ခုလို လမ်းကြောင်း အဆင့်မြှင့်မှုမှာ လမ်းအကွေ့တွေအတွက် လမ်းကြောင်းပြောင်းမှုတွေ ရှိပြီး လမ်းနယ်မြေထဲ ပါဝင်တဲ့ လယ်ယာပိုင်ရှင်တွေကိုလည်း နစ်နာကြေး လယ်တစ်ဧက ကျပ် ၄၅ သိန်းနဲ့ ယာတစ်ဧက ကျပ်သိန်း ၄၀ သတ်မှတ်ပြီး ပေအပ်ခဲ့ပါတယ်။
နစ်နာကြေးပေးအပ်ရာမှာ မပါသေးတဲ့ တောင်သူတွေကိုလည်း တင်ပြလာမှုအပေါ် ပိုင်ဆိုင်မှုစိစစ်ပြီး ပြန်လည်ပေးအပ်မယ်လို့ ကလေးဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက ပြောပါတယ်။
"သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကိုပြနိုင်ရင် ကျနော်တို့က အထက်အဆင့်ဆင့်ကို တင်ပြပြီးကာမှ မြေယာလျော်ကြေး ဆက်လက်ပေးသွားမယ်။ ဒီလမ်းလုပ်နေတဲ့ အတိုင်းအတာ အတွင်းမှာ ရှိသေးတယ်ဆိုရင် အချိန်မရွေးတင်ပြ တောင်းခံနိုင်ပါတယ်။"
ကလေးဝ-ယာကြီးလမ်းပိုင်းအတွင်း မင်းကင်းနယ် နစ်နာတောင်သူတွေကိုလည်း မကြာခင် မြေယာနစ်နာကြေး ပေးအပ်မှာဖြစ်ပြီး နေအိမ်ရွှေ့စရိတ်တွေကိုလည်း ထုတ်ပေးသွားမယ်လို့ သိရပါတယ်။
ကလေးဝ မုံရွာလမ်းပိုင်းအနေနဲ့ လက်ရှိမှာတော့ နွေရာသီသာ လမ်းအသုံးပြုနိုင်တဲ့ အနေအထားမှာ ရှိနေပြီး လမ်းအဆင့်မြင့်ပြီးပါက မုံရွာကလေးဝ မိုင် ၁၀၀ ကျော်ခရီးကို နေ့ချင်းပြန် သွားလာနိုင်တော့မှာ ဖြစ်ပါတယ်။
မင်းရဲစစ်နိုင်