မြောက်ဦးအဓိကရုဏ်းကိစ္စ ရခိုင်လူငယ် ၈ ဦးကို ထောင်ဒဏ် ၈ လချမှတ်
DVB
·
September 24, 2018
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းဖြစ်စဉ်နဲ့ပတ်သက်လို့ ဖမ်းဆီးခံထားရတဲ့ ရခိုင်လူငယ် ၈ ဦးကို စက်တင်ဘာ၂၄ ရက်က စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၈ လချမှတ်လိုက်ပါတယ်။
ရခိုင်လူငယ် ၈ ဦးကို ဖမ်းဆီးချုပ်နှောင်ထားတာဟာ ၈ လနဲ့ ၁ ရက်ပြည့်ပြီးတာကြောင့် ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ရကြတဲ့အတွက် ရခိုင်လူငယ်တွေအာလုံး ဒီနေ့ အချုပ်က ပြန်လည်လွတ်မြောက်လာပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်က မြောက်ဦးမြို့မှာ ကျင်းပမယ့် ၂၃၃ မြောက်ရက္ခိုင့်ဘုရင်နိုင်ငံ အချုပ်အချာအာဏာကျဆုံးခြင်း ဝမ်းနည်းမှုအခမ်းအနားကို အာဏာပိုင်တွေတားမြစ်ရာက ဆန္ဒပြပွဲဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ရာမှာ လူ၇ ဦးသေဆုံးခဲ့ပြီး အမြောက်အမြား ဒဏ်ရာရရှိခဲ့ပါတယ်။
မြောက်ဦးအဓိကရုဏ်းနဲ့ပတ်သက်လို့ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ရခိုင်လူငယ် ၈ ဦးကိုတော့ ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှုဆိုင်ရာ ဥပဒေပုဒ်မ ၆(၁)နဲ့ တရားစွဲဆို ထားတာဖြစ်ပါတယ်။
သတင်း-ဝဏ္ဏခွာညို