အီရန်စစ်ရေးပြပွဲတွင် တိုက်ခိုက်ခဲ့သည့် လူ ၃ ဦး ရုပ်သံဖိုင် ထုတ်ပြန်

2.1K
အီရန်စစ်ရေးပြပွဲ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ လူ ၃ ဦးရဲ့ ရုပ်သံဖိုင်ကို အိုင်အက်စ်အဖွဲ့ရဲ့ အမတ်သတင်းဌာနက စက်တင်ဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ရုပ်သံဖိုင်ထဲမှာ သူတို့က တိုက်ခိုက်မှု လုပ်ဆောင်ဖို့ သွားရောက်နေတယ်ဆိုပြီး ပြောပါတယ်။
အဲဒီထဲက တဦးက သူတို့ဟာ မွတ်စလင်တွေဖြစ်ပြီး သူတို့သွားရောက်တိုက်ခိုက်မယ့် သူတွေဟာ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် သူတို့ဟာ အဲဒီမိစ္ဆာဒိဋ္ဌိတွေကို ပြောက်ကျားစစ် ဆင်နွှဲမယ်ဆိုပြီး ပြောခဲ့ ပါတယ်။
အာဗက်စ်အမျိုးသားတော်လှန်ရေး လှုပ်ရှားမှုကလည်း ဒီတိုက်ခိုက်မှုကို သူတို့ လုပ်ဆောင်တယ်လို့ ပြောထားပါတယ်။
အခုချိန်ထိတော့ ဘယ်အဖွဲ့အစည်း လုပ်ဆောင်တယ်ဆိုတာ အထောက်အထား မရှိသေးပါဘူး။
ဒီတိုက်ခိုက်မှုကြောင့် လူ ၂၅ ဦး သေဆုံးပြီး ၆ဝ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အီရန်တော်လှန်ရေး အစောင့်တပ်ကတော့ ဒီတိုက်ခိုက်မှုအတွက် မှတ်သားလောက်အောင် လက်စားချေတုံ့ပြန်မယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အီရန်အစိုးရက ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေဟာ သေနတ်သမားတွေကို ကူညီတယ်ဆိုပြီး စွပ်စွဲပြောကြားခဲ့ပါတယ်။