တောဝက်လူငယ်ဘောလုံးအသင်းနည်းပြ  ငြိမ်းချမ်းရေးဆုရရှိ

လွန်ခဲ့တဲ့ ၃ လလောက်က ထိုင်းနိုင်ငံ၊ မယ်ဆိုင်ကျောက်လိုဏ်ဂူထဲ ပိတ်မိခဲ့တဲ့ တောဝက် အကယ်ဒမီဘောလုံးအသင်း လူငယ် ၁၂ ဦးရဲ့ နည်းပြခို့ခ်ျအေခ် ခေါ် နိုင်းဧကဖုန်း ကျန်ထဝုန်းဟာ ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်ကချီးမြှင့်တဲ့ “ငြိမ်းချမ်းရေးအတွက် အသက်ရှူခြင်း” ဆုကို ရရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဝမ်းနွဲ့မြို့က ချူလာလောင်ကွန်း ဗုဒ္ဓတက္ကသိုလ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်က နိုင်ငံတကာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အနေနဲ့  “သတိဖြင့် အသက်ရှူခြင်းမှ ငြိမ်းချမ်းရေးအတွက် အသက်ရှူခြင်းသို့” ခေါင်းစဉ်နဲ့ တရားထိုင်ခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲ တရပ်ကျင်းပခဲ့ပါတယ်။ အဆိုပါနှီးနှောဖလှယ်ပွဲမှာ တောဝက်အကယ်ဒမီဘောလုံးအသင်းနည်းပြ လူငယ် ခို့ခ်ျအေ့ခ်က  သူနဲ့ လူငယ် ၁၂ ဦး ဒွိုင်နန်းနွန်းလိုဏ်ဂူကြီးထဲပိတ်မိနေစဉ် ကိုယ်ရင်ဝတ်ခဲ့ တုန်းက ရရှိခဲ့တဲ့ တရားထိုင်ခြင်းအတွေ့အကြုံနဲ့  ရေတွေပြည့်နေတဲ့ မှောင်နဲ့မည်းမည်း လိုဏ်ဂူထဲ အစာမရှိဘဲ ၁ဝ ရက်ကျော် အသက်ရှင်အောင် နေထိုင်နိုင်ခဲ့တဲ့ အကြောင်းတွေကို ပြန်လည်နှီးနှောဖလှယ်ခဲ့ပါတယ်။ သူတို့ဟာ ဂူထဲမှာပိတ်မိသွားပြီဆိုတာ သိလိုက်တာနဲ့ နည်းပြဟာ အရင်ဆုံး သူ့စိတ်သူ တည်ငြိမ်အောင်ထားပြီး လူငယ်တွေ ထိတ်လန့်စိုးရိမ်ခြင်းမရှိအောင် အားပေးခဲ့ကြောင်း၊ အဲဒီေ နာက် ဘုရားရှိခိုး ဘာဝနာပွားကာ တဘက်ကလည်း လွတ်လမ်းအတွက် အကြံတွေ ထုတ်နေ ခဲ့တယ်လို့ ဆိုပါတယ်။ လူတွေရဲ့ နေ့စဉ်ဘဝမှာ သမာဓိ၊ သတိနဲ့ ပညာဟာ အရေးကြီးလှပါကြောင်း၊  သူဟာ ကိုရင်ဘဝက ဆရာတော်ဘုရားတို့ သွားရာနောက်လိုက်ပြီး ရာနဲ့ချီတဲ့ အလှူဒကာဒကာမတွေကို နေရာချထားခြင်း၊ အလှူကိစ္စပြီးမြောက်အောင် စီမံပေးခြင်းလုပ်ခဲ့ရလို့ အထူးသဖြင့် လူ အများကြီးနဲ့ ဆက်ဆံဆောင်ရွက်ရတဲ့ အလုပ်မှာပို၍ သမာဓိ၊ သတိရှိရမှာဖြစ်ကြောင်း၊  ပထမဆုံး သမာဓိဆောက်တည်ပြီး သတိရှိဖို့၊ သတိရှိတဲ့အခါ အသိပညာအလွယ်တ ကူရောက်လာကာ စီမံခန့်ခွဲဆောင်ရွက်သွားဖို့ ဖြစ်တယ်လို့ နည်းပြက ပြောပါတယ်။ ဗုဒ္ဓတက္ကသိုလ်က ချီးမြှင့်တဲ့ ငြိမ်းချမ်းရေးဆုကိုရရှိတဲ့အတွက် အထူးဝမ်းမြောက်ကြောင်း၊ သူနဲ့ လူငယ် ၁၂ ဦးတို့  ဂူထဲကနေ လွတ်မြောက်အောင် ဆုတောင်းပေး၊ ကယ်ဆယ်ပေးတဲ့ တကမ္ဘာလုံးကို ကျေးဇူးတင်ပြီး သူတို့ ၁၃ ယောက်လုံး ထိုင်းနိုင်ငံပေါ်သစ္စာရှိကာ  လူထု အကျိုးပြုနိုင်တဲ့ လူတော်လူကောင်းတွေဖြစ်အောင် ကြိုးစားသွားမယ်လို့ ကတိပေး သွားပါတယ်။ ချူလာလောင်ကွန်းတက္ကသိုလ်က ချီးမြှင့်တဲ့ “ငြိမ်းချမ်းရေးအတွက်အသက်ရှူခြင်း”ဆုကို နည်းပြခို့ခ်ျအေခ်တင်မကဘဲ ထိုင်းနိုင်ငံက နာမည်ကြီးတရားပြ မယ်သီလရှင် ဆန်ဆနီးဖထင်ဆွတ်၊ ဒေါက်တာ ရီခါဒိုဒန်းနဲ့တကွ သီရိလင်္ကာနိုင်ငံမှာ ရိုက်ကူးတဲ့ ဗုဒ္ဓရာဇဝင်ရုပ်ရှင်ဇာတ်ကားမှ သိဒ္ဓတ္ထမင်းသားအဖြစ် သရုပ်ဆောင်သူ ဒေါက်တာ ဂင်္ဂါမာလိ တို့လည်း  အသီးသီးဆွတ်ခူးရရှိခဲ့ကြပါတယ်။ အသက် ၂၅နှစ်အရွယ် နည်းပြ ခို့ခ်ျအေခ်ဟာ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် တာချီလိတ်ခရိုင်ကဖြစ်ပြီး  မိဘတွေကတော့ ဆုံးပါးသွားပြီဖြစ်ပါတယ်။ သူ့ကို ထိုင်းမြောက်ပိုင်း၊ လမ်းပွန်းမြို့၊ ဆောင်ဟင်ကျောင်းတိုက်ဆရာတော်က ကိုရင်ဝတ်ပေးပြီး ကျွေးမွေး စောင့်ရှောက်ခဲ့ပါတယ်။ အဲဒီနောက် တာချီလိတ်မှ အဖွားဖြစ်သူ နေမကောင်းလို့ အဖွားကိုလုပ်ကျွေးဖို့အတွက် လူထွက်ခဲ့ပြီး မယ်ဆိုင်မြို့ရှိ လွိုင်ဝေါင်းကျောင်းတိုက်မှာ ကပ္ပိယအဖြစ်နေကာ  ကျောင်းဝေယျာဝစ္စလုပ်ရင်း တဘက်က ဘောလုံးနည်းပြအလုပ်လုပ်ခဲ့ပါတယ်။ သူဟာ ဂူထဲမပိတ်မိခင်က ထိုင်းနိုင်ငံသား မှတ်ပုံတင်မရှိလို့ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခဲ့ပြီး ဂူထဲက ပြန်လွတ်လာပြီးတဲ့နောက် ထိုင်းအစိုးရက သူ့ကိုယ်ရေးရာဇဝင်တွေ ပြန်လည်ကြည့်ရှုစစ်ဆေးကာ ထိုင်းတွင်မွေးဖွားသူ၊ လူထုအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်သူအနေနဲ့ ထိုင်းနိုင်ငံအမျိုးသားမှတ်ပုံတင် ထုတ်ပေးခဲ့ပါတယ်။ သူနဲ့အတူ တောဝက်အကယ်ဒမီဘောလုံးအသင်းက ဂူတွင်းပိတ်မိခဲ့တဲ့ နိုင်ငံမဲ့ကလေး ၄ ဦးလည်း  ထိုင်းနိုင်ငံအမျိုးသားမှတ်ပုံတင်ကတ်တွေ အသီးသီးရရှိခဲ့ပါတယ်။ ဓာတ်ပုံ-Springnews

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up