မြန်မာနှင့်ထိုင်း ယူ ၁၉ အမျိုးသမီးအသင်းတို့၏ ခြေစမ်းပွဲ ၂ ပွဲ အခမဲ့ကြည့်ရှုခွင့်ရမည်

မြန်မာနဲ့ ထိုင်း ယူ ၁၉ အမျိုးသမီးအသင်းတို့ရဲ့ ခြေစမ်းပွဲ  ၂ ပွဲကို ရန်ကုန်မြို့မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ပရိသတ်တွေ အခမဲ့ကြည့်ရှုနိုင်တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ အဆိုပါ ခြေစမ်းပွဲ ၂ ပွဲကို အောက်တိုဘာ ၅ ရက်နဲ့ ၇ ရက်နေ့တွေ  ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ မြန်မာယူ ၁၉ အမျိုးသမီးအသင်းဟာ အာရှအမျိုးသမီးယူ ၁၉ ခြေစစ်ပွဲအုပ်စု (အက်ဖ်) ပွဲစဉ်ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပွဲကြိုပြင်ဆင်တဲ့အနေနဲ့ အခုလို ခြေစမ်းပွဲကစားတာလို့ ဆိုပါတယ်။ အဆိုပါခြေစမ်းပွဲ ၂ ပွဲကို ကွင်းဝင်ကြေး ကောက်ခံခြင်းမရှိပဲ အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပြီး ယှဉ်ပြိုင်ကစားမယ့် အချိန်နဲ့ ကွင်းကို အသေးစိတ်ဆက်လက်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ မြန်မာယူ - ၁၉ အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ဆောင်ရွက်နေပြီး အုပ်ချုပ်မှုနည်းပြ အဖွဲ့ဝင် ၉ ဦး၊ ကစားသမား ၃၁ ဦးတို့နဲ့ စခန်းသွင်းလေ့ကျင့်နေပါတယ်။ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ မြန်မာယူ ၁၉ အမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့က စင်ကာပူ ယူ ၁၉ အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး ၇ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိထားပါတယ်။ ဒါ့အပြင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၊ KBZ Bank Women's League ပြိုင်ပွဲဝင် ကလပ်အသင်းတွေ၊ အမျိုးသား လူငယ်အသင်းတွေနဲ့ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၉ အာရှယူ - ၁၉ အမျိုးသမီးခြေစစ်ပွဲ အုပ်စု (အက်ဖ်) ပွဲစဉ်တွေကို မြန်မာက အိမ်ရှင်အဖြစ် အောက်တိုဘာ ၂၄ ကနေ ၂၈ ရက်နေ့အထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကျင်းပမယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up