အင်ဒိုနီးရှား မီးတောင် ၄၄ ကြိမ် ပေါက်ကွဲမှုဖြစ်

2.5K
အင်ဒိုနီးရှားနိုင်ငံရှိ အန်နာကရက်ကာသောင် မီးတောင်ဟာ စက်တင်ဘာ ၂၁ ရက်နေ့က စပြီး ပေါက်ကွဲမှု ၄၄ ကြိမ် ဖြစ်ပေါ်ခဲ့တယ်လို့ မိုးဇလနဲ့ ဘူမိရူပ အေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။
မီးတောင်ကနေ မီးခိုးမည်းတွေဟာ အမြင့်မီတာ ၆ဝဝ အထိ ထိုးတက်နေပြီး မီးတောင်ဝဟာလည်း နီရဲရဲ အလင်းရောင် ထွက်နေပါတယ်။
မီးတောင် လှုပ်ရှားပြီးနောက် မီးတွေ ပန်းထွက်ခဲ့တယ်လို့ ကရက်ကာသောင်မီးတောင် စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။
မီးတောင် ပေါက်ကွဲမှုကို အဆင့် ၂ သတ်မှတ်ထားဆဲဖြစ်ပြီး မီးတောင်ဝကနေ ၂ ကီလိုမီတာ အတွင်းကို ဒေသခံတွေနဲ့ ခရီးသွားတွေ မသွားရောက်ကြဖို့ တားမြစ်ထားပါတယ်။
အဆိုပါ ထင်ရှားလှတဲ့ ကရက်ကာသောင် မီးတောင်ဟာ ဂျာဗားနဲ့ ဆူမတ်တြား ကျွန်းကြီး နှစ်ခုကြားရှိ ဆွန်းဒါး ရေလက်ကြားမှာ တည်ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။