Home
မြန်မာသတင်း
အများပိုင်သာသနာမြေကိစ္စ အစိုးရဖြေရှင်းပေးရေး လွိုင်ကော်တွင် ဆန္ဒပြ
DVB
·
September 23, 2018
ကယားပြည်နယ် လွိုင်ကော်မြို့ နမ့်ဘော်ဝမ်ရှမ်း(က) ရပ်ကွက်၊ အုပ်စု (၉) ကို အများပိုင် သာသနာမြေအဖြစ် သတ်မှတ်ပြီး အဲ့ဒီမှာ အခြေချနေထိုင်သူတွေကို ကျူးကျော်အဖြစ် သတ်မှတ်တဲ့အတွက် ပြည်နယ်အစိုးရက ဒီကိစ္စအပေါ် တာဝန်ယူဖြေရှင်းပေးဖို့ ပြည်သူ ၆၀ လောက်က ဒီကနေ့ လွိုင်ကော်မြို့မှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြရာမှာပါဝင်တဲ့ ကိုအောင်နိုင်ဝင်းက “ကျနော်တို့ အစိုးရကို တောင်းဆိုထားတာ လေးချက်ရှိပါတယ်ဗျ။ ပထမတချက်က ပုဒ် ၁၈၈ ကို လာထောင်ထားတယ်ဗျ။ အဲ့ဒါကို ဖြုတ်သိမ်းပေးဖို့နဲ့ ဒုတိယက မြေဂရမ်ပေးဖို့၊ တတိယအချက်က ကျနော်တို့ကို အိုးအိမ် ရောင်းပိုင်ခွင့်၊ ဝယ်ပိုင်ခွင့်ပေးဖို့၊ နောက်တချက်က ကျနော်တို့ကို ရပ်ကွက်အဖြစ် သီးသန့်ခွဲထွက်ပေးဖို့ အဲဒီအခွင့်အရေး ၄ ချက်တောင်းဆိုတာကို အစိုးရက ကျနော်တို့ကို မပေးနိုင်ပါဘူး။ မပေးနိုင်တဲ့အတွက် အစိုးရက ခေါင်းရှောင်နေမှုအတွက် ကျနော်တို့ အခုလို လမ်းပေါ်ထွက် ဆန္ဒပြရခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။ အဲဒီရပ်မှာ နေထိုင်သူတွေအနေနဲ့ အစိုးရရဲ့ ထောက်ပံ့မှု တစုံတရာရတာမရှိဘဲ လျှပ်စစ်မီးရရှိဖို့အတွက် ကိုယ်ထူကိုယ်ထပဲ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီဆန္ဒပြပွဲမှာ အစိုးရမှ တာဝန်ယူ၊ တာဝန်ခံမှုရှိရေး၊ လွတ်လပ်စွာ နေထိုင်ခွင့်ရရှိရေး၊ ဒီမိုကရေစီနှင့် ဆန့်ကျင်သော လုပ်ရပ်များ အလိုမရှိ၊ မြေယာသိမ်းဆည်းမှု အလိုမရှိ စတဲ့ ဆိုင်းပုဒ်တွေကို ကိုင်းဆောင်ပြီး ကြွေးကြော်ခဲ့ကြတာပါ။ ဆန္ဒပြပွဲမှာ အသုံးပြုတဲ့ ဆိုင်းပုဒ်တချို့ကို ငြိမ်းစုစီဥပဒေအရ ဆန္ဒပြဖို့ စာတင်ခဲ့တဲ့အထဲမှာ မပါဝင်လို့ဆိုပြီး ပြည်နယ်အာဏာတွေက ပြန်လည်ဖြုတ်ချခိုင်းခဲ့ပါတယ်။ ပညာသင်ကြားနေတဲ့ ကျောင်းသူ၊ သားတချို့ ဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြပါတယ်။ အဆိုပါ ရပ်ကွက်ကို အများပိုင်သာသနာနယ်မြေအတွင်း ကျူးကျော်အမှတ် (၆) အဖြစ် သတ်မှတ်ပြီး နေအိမ် ၁၅၀ လောက်ကိုလည်း ဒီမိုးတွင်းအကုန်မှာ ရွှေ့ပြောင်းကြဖို့ ပြည်နယ်အစိုးရက ပြောဆိုထားတယ်လို့ ဆိုပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက နမ့်ဘော်ဝမ်ရှမ်း(က) ရပ်ကွက်နာမည်နဲ့ မဲထည့်ခဲ့ရပေမယ့် ၂၀၁၆ ခုနှစ်မှာ ရပ်ကွက်အဖြစ် မသတ်မှတ်တော့ဘဲ ကျူးကျော်နယ်မြေဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ ဆန္ဒပြတဲ့သူတွေထဲက ဒေါ်ကြည်ဌေးက “ကျမတို့ နေအိမ်တွေ အားလုံးဟာ ကျူးကျော်တွေ မဟုတ်ပါဘူး။ ထိုက်တန်တဲ့ ငွေကြေးအားလုံး ပေးဝယ်ထားကြတဲ့ လူတွေဖြစ်ပါ တယ်။ အဓိကအချက်က အစိုးရက တာဝန်မယူဘူး။ တာဝန်မခံဘူး။ ကျမတို့ အခုလက်ရှိ နေနေတဲ့ အိမ်ကနေ လုံးဝဖယ်မပေးနိုင်ပါဘူး” လို့ ပြောပါတယ်။ အဆိုပါရပ်ကွက်မှာ နေထိုင်သူတွေအများစုက သူတို့ရဲ့ မြေတွေကို အရင်တောင်သူတွေ လက်ထဲက တဆင့် ဝယ်ယူခဲ့ရတာလို့လည်း ဆိုပါတယ်။ ၁၉၅၀ ခုနှစ်လောက်မှာ ကန္တရဝတီစောဖျာက အဲဒီမြေတွေကို လှူဒါန်းခဲ့တာဖြစ်ပြီး အဆင့်အဆင့် ရောင်းဝယ်မှုတွေကြောင့် ခုလို ပြဿနာမျိုး ဖြစ်ပေါ်နေတာပါ။ ဆန္ဒပြသူတွေက ပြည်နယ်အစိုးရအနေနဲ့ ဒီကိစ္စအပေါ် တာဝန်ယူမှုမရှိပါက ပြည်ထောင်စု အဆင့်ထိ လက်မှတ်ကောက်ခံပြီးတော့ စာပေးပို့သွားမယ်လို့ ဆိုပါတယ်။ သတင်း၊ ဓာတ်ပုံ- ခွန်းတူးတူးလေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024