Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အခြေအနေ ဗြိတိန်စိုးရိမ်
DVB
·
August 14, 2012
ဗြိတိသျှအစိုးရက ရခိုင်ပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ပူပန်တယ်လို့ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးက ဩဂုတ် ၁၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ထွန်းမှုတွေကနေ အသီးအပွင့်တွေ အမြောက်အမြား ပေါ်ထွန်းမှုတွေအပေါ် ချီးကျူးထားပြီး အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတဲ့အပေါ် စိုးရိမ်မှု ပြသလိုက်တာပါ။ နောက်ထပ်အကြမ်းဖက်မှုတွေ ထပ်မံမဖြစ်အောင် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနဲ့အညီ ဒီပြဿနာကို ထိထိရောက်ရောက်နဲ့ ဥပဒေနည်းလမ်း တကျ ကိုင်တွယ်ဖြေရှင်းဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။ ဒါ့အပြင် အခင်းဖြစ်ပွားရာဒေသက လူ့အဖွဲ့အစည်းတွေအနေနဲ့လည်း စိတ်ရှည်သည်းခံကြဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။ ရခိုင်ဒေသကို ၂ ရက်ကြာ သွားလေ့လာတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက သူ့ခရီးစဉ်အပြီးမှာ ရခိုင်ပြည်နယ်က မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းတွေထဲမှာ ထိခိုက်နစ်နာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်တာ တွေ့ခဲ့ရတယ်လို့ ပြောထားပါတယ်။ ဗြိတိန်အစိုးရဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တားနားနဲ့ အဲဒီဒေသမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးကို ပူးပေါင်း လုပ်ဆောင်နေတဲ့အကြောင်းနဲ့ အဲဒီထဲမှာ အခင်းဖြစ်ပွားတဲ့နေရာတွေကို အပြည့်အ၀၊ အတားအဆီးမရှိ ၀င်ရောက်ကြည့်ရှုခွင့်ပြုဖို့နဲ့ ထိခိုက်နစ်နာခဲ့တဲ့ လူ့အဖွဲ့အစည်းကို သူတို့နေအိမ်တွေဆီကို လုံလုံခြုံခြုံပြန်လည်နေထိုင်ခွင့်ပြုဖို့၊ ပျက်စီးမှုနဲ့ ဖျက်ဆီးခံခဲ့ရမှုတွေအတွက် ထောက်ပံ့ကူညီရေးကိစ္စတွေပါဝင်တယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်မှာ သက်ရောက်ထိခိုက်တဲ့ လူ့အဖွဲ့အစည်းတွေအပေါ် စီမံကိုင်တွယ်ရာမှာ မျှမျှတတကိုင်တွယ်ဖို့ကိုလည်း မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။ ဒီအကြမ်းဖက်မှုနဲ့ ပတ်သက်လို့ စုံစမ်းဖော်ထုတ်မှုတွေကို မြန်မာအစိုးရက လွတ်လွတ်လပ်လပ် မျှမျှတတနဲ့ ချက်ချင်းလက်ငင်း ဖော်ထုတ်ဖို့ လိုအပ်တယ်လို့လည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024