တန်ဇန်းနီးယား ကူးတို့လှေတိမ်းမှောက်မှု သေဆုံးသူ ၁၈၃ ဦးရှိပြီ

2.1K
တန်ဇနီးယားနိုင်ငံ ဗစ်တိုးရီးယားရေကန်အတွင်း စက်တင်ဘာ ၂၀ ရက်နေ့က ကူးတို့လှေမှောက်မှုကြောင့် သေဆုံးသူဟာ ၁၈၃ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။
ကူးတို့လှေပေါ် လိုက်ပါသွားခဲ့တဲ့ ခရီးသည် စာရင်းအတိအကျကို သိဖို့ ခက်ခဲတယ်လို့လည်း သိရပါတယ်။
လှေမှောက်မှုမှာ ရေနစ်သေဆုံးခဲ့သူရဲ့ ဦးလေးဖြစ်သူက ကူးတို့လှေတွေကို ဝန်ပိုမတင်စေဖို့ အစိုးရကို မေတ္တာရပ်ခံတယ်လို့ ပြောပါတယ်။
ဒါ့အပြင် တာဝန်ရှိ ဝန်ထမ်းတွေအနေနဲ့လည်း ဝန်ပိုတင်တာမျိုး မရှိအောင် ကြပ်မတ်သင့်တယ်လို့ သူကပြောခဲ့ပါတယ်။
အသက်ရှင် လွတ်မြောက်ခဲ့သူ တဦးကတော့ ကူးတို့လှေဟာ ဆိပ်ကမ်းက ခွာစဉ်မှာပဲ ဝန်ပိုတွေ တင်ဆောင်တာကြောင့် မှောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
သူကတော့ လှေပေါ်က ခုန်ဆင်းပြီး အနီးက အရာဝတ္တုတခုကို ဆွဲထားတာမို့ အသက်ရှင်လွတ်မြောက်ခဲ့လို့လည်း ပြောသွားပါတယ်။
တန်ဇနီးယားနိုင်ငံဟာ ကူးတို့လှေ တိမ်းမှောက်မှုတွေ မကြာခဏ ကြုံတွေ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။