သိမ်းဆည်းလယ်ယာမြေများ ပြန်ရရန် တပ်နှင့်ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု ဆို
DVB
·
September 22, 2018
တပ်ကသိမ်းဆည်းထားတဲ့ လယ်မြေယာမြေတွေ ပြန်လည်ရရှိဖို့ကို တပ်နဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပြောကြား လိုက်ပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော်ခန်းမမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေတွေ့ဆုံချိန်မှာ တပ်သိမ်းမြေကိစ္စနဲ့ပတ်သက်ပြီး မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက မေးမြန်းခဲ့တာလည်း ဖြစ်ပါတယ်။
“ဆုံးရှုံးနစ်နာတဲ့အထဲမှာ တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ များစွာပါဝင်နေပါတယ်။ အဲဒီလယ်ယာမြေတွေနဲ့ ပတ်သက်ပြီး လုပ်ကိုင်စား သသောက်ခွင့်မရတဲ့အတွက် ဒေသခံ အရွယ်ကောင်း လူငယ်တွေ နေရပ်စွန့်ခွာပြီးတော့ မလေးရှား၊ ဖာကန့်၊ တရုတ်ပြည်တို့ကို ပြောင်းရွှေ့သွားရတာတွေ အများကြီးရှိနေတယ်။ အဲဒါကြောင့်မို့ ကျနော်တို့ ဒေသဖွံ့ဖြိုးအတွက်ကို ဘူးသီးတောင်မောင်တောဒေသ တခုတည်းမဟုတ်ဘဲ ရခိုင်တပြည်နယ်လုံးနဲ့ သက်ဆိုင်ကိစ္စကို တင်ပြရရင် တပ်သိမ်းမြေတွေကို အမြန်ဆုံးပြန်ရဖို့ အရေးကြီးပါတယ်”
ဒီအပေါ် ဒေါက်တာ ၀င်းမြတ်အေးက “တပ်သိမ်းမြေကိစ္စ၊ ဒါလည်း ကျနော်တို့ ဒီမှာ တင်ပြလာတာတွေကို ကြားသိရပါတယ်။ ကျနော်တိုက်တွန်းမယ်၊ ဒါအင်မတန်အရေးကြီးတယ်။ တနိုင်ငံလုံးအတိုင်အတာအနေနဲ့လည်း ဒုတိယသမ္မတ ဦးဆောင်ပြီးတော့ ဒီကိစ္စတွေကို ဆောင်ရွက်နေတာတွေ တွေ့တယ်။ မြေသိမ်းမြေယာကိစ္စတွေကို နေရာချ ပေးထားတာတွေ တွေ့တယ်။ ဒါကို ကျနော်တို့ညှိနှိုင်းရမယ်။ တပ်နဲ့ညှိနှိုင်းပြီးတော့ ဒီကိစ္စတွေကို ဆောင်ရွက်ပေးပါ့မယ်။ ဒီမှတ်တမ်းထဲမှာပါတဲ့ဟာတွေ တကယ်ဆောင်ရွက်မယ်။ ဆောင်ရွက်ပြီးရင် အကျိုး အကြောင်းတွေကို ကျနော်ပြန်ပြောပေးပါမယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ လယ်ယာမြေနဲ့ အခြားမြေယာတွေ ပြန်လည်ရရှိရေး စီစစ်ရေးကော်မတီကလည်း တပ်သိမ်းမြေကိစ္စဆိုရင် ဗဟိုကိုတင်ပြပြီးတော့ ဗဟိုရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေရတဲ့ အနေအထားရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောပါတယ်။
တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေနဲ့ အခြားမြေတွေကို ပြန်လည်ရရှိဖို့ တောင်သူတွေက ရခိုင်ပြည်နယ်အနှံ့အပြားမှာ ဆန္ဒထုတ်ဖော်ကြဆဲဖြစ်ပါတယ်။
အစိုးရသစ်လက်ထက် ၂ နှစ်ခွဲကာလအတွင်း မြေဧက ၆၃,ဝဝဝ ကျော် ပြန်လည် စွန့်လွှတ်ပြီး လယ်ဧက ၂ဝ,ဝဝဝ လောက် လယ်သမားတွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။
ဝဏ္ဏခွာညို