မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧကပေါင်း ၁၁ သိန်းကျော် ပြန်သိမ်းဆည်းခဲ့ဟု ၀န်ကြီးပြော

နိုင်ငံတ၀န်းမှာ သတ်မှတ်ကာလ ၄ နှစ်ကျော်လွန်တဲ့အထိ ဖော်ထုတ်စိုက်ပျိုးလုပ်ကိုင်တာ မရှိတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧကပေါင်း ၁၁ သိန်းကျော်ကို ပြန်သိမ်းဆည်းခဲ့တယ်လို့  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ပြောပါတယ်။ မနေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးရုံးမှာလုပ်တဲ့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီအစည်းအဝေးမှာ ဗဟိုကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ဝန်ကြီးက ပြောတာလို့ အစိုးရသတင်းစဉ်မှာ ဖော်ပြထားတာပါ။ ယခင်ဗဟိုအဖွဲ့က ခွင့်ပြုခဲ့ပြီး မလုပ်ကိုင်ဘဲထားတဲ့ မြေဧကပေါင်း ၁,၁၆၇,၁၇၆ ကျော်ကို ပြန်သိမ်းခဲ့တယ်လို့ ဝန်ကြီးက ပြောပါတယ်။ အဲဒီအစည်းအဝေးမှာ စည်းကမ်းချက် သတ်မှတ်ကာလ ၄ နှစ်ပြည့်မြောက်ပြီးချိန်အထိ မြေပြင် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ထားတဲ့ မြေဧရိယာအပေါ် ခွင့်ပြုအမိန့်စာအသစ် ထုတ်ပေးနိုင်ရေး ကိစ္စတွေ၊ မြေလွတ် မြေလပ်နဲ့ မြေရိုင်းတွေမှာ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားတဲ့အပေါ် ကန့်ကွက်လွှာတင်သွင်းတာကို စိစစ်ဖို့ သီးခြားအဖွဲ့ ဖွဲ့စည်းတာ စတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈ ခုနှစ်) ကို ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်အတည်ပြုပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်လို့ ဥပဒေပါ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ငန်းတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့လိုသလို နည်းဥပဒေ တွေကိုလည်း လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ဖို့လိုတယ်လို့လည်း ဝန်ကြီး ဒေါက်တာ အောင်သူက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up