Homeမြန်မာသတင်း
ဟန်ချက်ပျက်လွှတ်တော်ကို ၀င်ထိန်းနိုင်ရန် ကြားဖြတ်ရွေးကောက်ပွဲပြိုင်ခြင်းဖြစ်ဟု ပြည်ခိုင်ဖြိုးပြော
ဟန်ချက်ပျက်လွှတ်တော်ကို ၀င်ထိန်းနိုင်ရန် ကြားဖြတ်ရွေးကောက်ပွဲပြိုင်ခြင်းဖြစ်ဟု ပြည်ခိုင်ဖြိုးပြော
DVB
·
September 22, 2018
ဟန်ချက်ပျက်နေတဲ့ လွှတ်တော်ကို အတိုင်းအတာတခုထိ ၀င်ထိန်းဖို့အတွက် ရည်ရွယ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်ရတာလို့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် ၁၈ ရပ်ကွက် လူထု ဟစ်တိုင်ကွင်းမှာ ကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားလိုက်တာပါ။
“ဒီနေ့ လွှတ်တော်တခုလုံး အမတ် ၆၀၀ လောက်ရှိတဲ့အထဲမှာ ၁၀ နေရာလောက် ဘာကြောင့်ဝင်ပြိုင်ရသလဲဆိုရင် ဟန်ချက်ပျက်နေတဲ့ လွှတ်တော်ကို အတိုင်းအတာတခုအထိ ဝင်ထိန်းသွားခြင်တာရယ်၊ ကျနော်တို့ပါတီက အမျိုးချစ်တယ်၊ အမျိုးအပေါ်မှာ သစ္စာရှိတယ်၊ အဲ့ဒီအတွက် တကမ္ဘာလုံးနဲ့ တန်းတူရည်တူဆက်ဆံတယ်။ မြန်မာတို့ရဲ့ဇာတိသွေး၊ ဇာတိမာန်၊ ဇာတိဂုဏ်၊ အမျိုးဂုဏ်ကို ပြည်ခိုင်ဖြိုးပါတီတာဝန်ယူတဲ့အခါမှာ မညှိုးနွမ်းစေရဘူး၊ ကျနော်တို့ပါတီကိုသာ မဲပေးပြီး တာဝန်ပြန်ပေးပါ၊ တာဝန်ပြန်ပေးတဲ့အချိန်ကစပြီး ဂုဏ်သိက္ခာရှိတဲ့ မြန်မာနိုင်ငံသားတွေအဖြစ် ပြန်လည်ရပ်တည်နိုင်စေရမယ်။”
ကြားဖြတ်ရွေးကောက်ပွဲမှာ မြင်းခြံမြို့နယ်ကနေ ၀င်ပြိုင်မယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာသန်းဝင်းက "ခုလို လူထုနဲ့တွေ့ဆုံရတာဟာ ပြည်သူတွေ မဲပေးရမှာ သိအောင်လို့ပါ၊ ကျနော်တို့ပါတီရဲ့ လုပ်ဆောင်ချက် စွမ်းဆောင်ချက်တွေက ဘာနဲ့မှ နှိုင်းယှဉ်လို့မရပါဘူး။ ကြားဖြတ်ရွေးကောက်ပွဲမှာ ၁၀၀ ရာခိုင်နှုန်းအထိ မျှော်လင့်ထားပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
လူထုတွေ့ဆုံပွဲ အခမ်းအနားကို လူဦးရေ ၁၅၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။ မြင်းခြံမြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ ၂၂၁၃၅၉ ဦးရှိပြီး မဲရုံပေါင်း ၂၆၈ ရုံ ထားရှိမှာလည်း ဖြစ်ပါတယ်။
နိုင်ငံတ၀န်း ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက် ကျင်းပမှာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီက လစ်လပ်မဲဆန္ဒနေရာ ၁၃ နေရာအနက် ၁၀ နေရာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ မဲဆန္ဒနယ် ၁၃ နေရာလုံး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
သတင်း ရီရီထွန်း ( မြင်းခြံ )