Home
မြန်မာသတင်း
မတ္တရာ မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီကို အယုံအကြည်မရှိဟု တောင်သူများပြော
DVB
·
September 22, 2018
ကျန်းမာရေးဝန်ကြီးဌာနက ပြန်လည်စွန့်လွှတ်တဲ့ လယ်ယာမြေတွေကို ရေနံ့ကျေးရွာက မူလတောင်သူတွေ ပြန်လည်မရရှိတဲ့အတွက် မြို့နယ်မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီကို အယုံအကြည်မရှိဘူးလို့ တောင်သူတွေက ပြောကြားလိုက်ပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် ရေနံ့သာ အနာကြီးရောဂါကုဆေးရုံ စီမံကိန်းတည်ဆောက်စဉ်က သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေကို ပြန်လည်စွန့်လွှတ်ပေမယ့် မူလပိုင်ရှင်တွေ ပြန်လည်မရရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီဟာ မူလတောင်သူတွေက လယ်ယာမြေတွေကို ယာယီပုံ စံ ၃ လျှောက်ထားရာမှာလည်း ဆောင်ရွက်ပေးခြင်းမရှိသလို မြေပိုင်ဆိုင်မှုတိုင်းတာရာမှာလည်း တရားဝင်မြေပုံပါအတိုင်း ဆောင်ရွက်ပေးတာ မရှိခဲ့ဘူးလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ ရေနံ့သာကျေးရွာနေ မူလတောင်သူ ဦးစန်းရွှင်က “ကျနော်တို့ အကြိမ်ကြိမ်အခါခါ တင်ပြတောင်းခံပြီး ကျလာတော့ တစုံတရာမှ အမှုအပေါ်မှာ ဆောင်ရွက်ပေးခြင်းလည်း မရှိပါဘူး။ ပထမတခါ ကျနော်အကွက် ကွင်းဆင်းတခါတိုင်းသွားပါသေးတယ်။ မြေစာရင်းအဖွဲ့၊ ကျေးရွာမြေစစ်အဖွဲ့နဲ့ မြို့နယ်မြေစစ် အဖွဲ့တွေလာပါတယ်။ လာရောက်တိုင်းတာပြန်တော့လည်း ဒီနေရာတိုင်းပြီး ကျနော်နေရာလို့ ပြောခဲ့ပါတယ်။ ကျနော်ယုံကြည်မှုမရှိပါဘူး။ ညစ်လို့လိမ်လို့ကို မယုံကြည်ဘူး” လို့ ပြောပါတယ်။ ရေနံ့သာကျေးရွာနေ ဒေါ်လှတင့်က “သူတို့ဘာသာ သူတို့လာဘ်စားတာတွေရှိမှာပေါ့။ နားမလည်ဘူး။ အဲဒါကြောင့်မို့ စိတ်ဆင်းရဲ ဒုက္ခရောက်တာနဲ့ ဒီလိုပဲနေခဲ့ရတာပါ။ ကျမတို့ စိတ်ဆင်းရဲ ဒုက္ခတွေရောက်ခဲ့ရပါတယ်။ ခုချိန်ထိ စိတ်ညစ်တဲ့ ဘ၀မျိုးကို ရောက်နေရတာပါရှင်။ ကျမတို့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတဲ့ ဘ၀မျိုးနဲ့ ဘယ်သူကမှ ဥက္ကဋ္ဌအထိ ဂရုမစိုက်တဲ့ဘ၀မျိုးကို ရောက်ခဲ့တာပါ” လို့ ပြောပါတယ်။ မတ္တရာမြို့နယ်၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးသိန်းထိုက်က “ဒါကတော့ တနိုင်ငံလုံးအတိုင်းအတာအရ ခြုံပြီးတော့ ဝေဖန်ကြတာက ပြည်သူတွေဝေဖန်တာမမှားဘူး။ အဲလိုပဲယူဆပါတယ်။ မူလတောင်သူတွေကို စိစစ်ထားတဲ့အပေါ်မှာတော့ မူလတောင်သူတွေက သိမ်းဆည်းစဉ် ကာလတုန်းက လျော်ကြေးတစုံတရာမှ မရဘူး။ အဲဒီနေရာတွေကို သိမ်းဆည်းထားတာဖြစ်တဲ့အတွက် အဲဒီခုနှစ်တွေတုန်းက မြေပုံတွေ ကျနော်တို့စနစ်တကျ လွှဲပြောင်းသိမ်းဆည်းထားတာ မရှိပါဘူး” လို့ ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ၁၉၉၁ ခုနှစ်ကသိမ်းဆည်းခဲ့တဲ့ ရေနံ့သာကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၅၃၊ ၁၅၃-ဂ၊၁၅၃-ဃ (တောင်ပုလုမြောက်၊ တောင်ပု၊ တောင်ပုလုအရှေ့) ဦးပိုင်အမှတ်(-)ကွင်းမြေဧရိယာ ၁၃၂၉ ဒသမ ၂၉ ဧကကို ၁၈.၂.၂၀၁၅ ခုနှစ်က အသုံးမပြုပိုလျံမြေအဖြစ် မူလတောင်သူတွေ ပြန်လည်စွန့်လွှတ်ခဲ့ပေမယ့် မြို့နယ်မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီက ကျူးကျော်နေထိုင်သူတွေကို ယာယီပုံစံ ၃ ထုတ်ပေးပြီး အိမ် ကွက်ရိုက် နေထိုင်ခွင့်ပေးထားတယ်လို့ မူလပိုင်ရှင်တောင်သူတွေက ပြောပါတယ်။ ကျူးကျော်ဝင်ရောက်နေထိုင်သူတွေကို ယာယီပုံစံ ၃ ထုတ်ပေးတာကို မူလပိုင်ရှင်တွေက ကန့်ကွက်လွှာတင်ပြထားခဲ့ပေမယ့် လုပ်ပိုင်ခွင့် ပုံစံ ၇ စာအုပ်ထုတ်ပေးနိုင်ရေး မြို့နယ်မြေ အသုံးချမှု စီမံခန့်ခွဲရေးကော်မတီက ဆက်လက် ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ စွန်လွှတ်မြေအတွင်း လုံးဝသိမ်းဆည်းခံရခြင်းမရှိတဲ့ ကွင်းအမှတ် ၁၅၄ ကွင်းကိုလည်း ယခင်မြေစာရင်းဦးစီးဌာနက သိမ်းဆည်းမြေဆိုပြီး သိမ်းယူခဲ့ပါတယ်။ သိမ်းဆည်းစဉ်က လယ်ယာမြေတွေကို မြေပုံရေးဆွဲရာမှာပါဝင်ခဲ့တဲ့ မြေစာရင်းဌာန၊ ဦးစီးအရာရှိ (အငြိမ်းစား)က ကျန်းမာရေးဝန်ကြီးဌာနက ကွင်းအမှတ် ၁၅၄ ကို မူလကတည်းက သိမ်းဆည်းခဲ့တာမရှိဘူးလို့ ပြောပါတယ်။ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီက ၂၀၁၈ ခုနှစ်၊ မတ်လ ၃ဝရက် ရက်စွဲပါ၊ စာအမှတ် ၆၆၁/ -ကော်မတီ/ မြေ(ဗဟို)/၂၀၁၈ နဲ့ ကွင်းအမှတ် (၁၅၃-ဂ၊၁၅၄) ဦးပိုင် အမှတ် (၁၇) ကွင်းကို ပြန်လည်စိစစ်ခိုင်းခဲ့ပေမယ့် ဒီနေ့ထိ မူလတောင်သူတွေ လုပ်ကိုင်ခွင့်မရရှိသေးပါဘူး။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024