အမေရိကန် ဒဏ်ခတ်မှု ပြန်ရုပ်သိမ်းရန် တရုတ် တိုက်တွန်း

တရုတ်စစ်တပ်က ရုရှားကနေ တိုက်လေယာဉ်တွေနဲ့ ဒုံးကျည်တွေ ဝယ်တဲ့အပေါ် အမေရိကန်က ဒဏ်ခတ်ခဲ့လို့ ပြန်ရုပ်သိမ်းဖို့ တရုတ်အစိုးရက တိုက်တွန်းလိုက်ပါတယ်။ မရုပ်သိမ်းရင် နောက်ဆက်တွဲ တုံ့ပြန်မှုကို ရင်ဆိုင်ရမယ်လို့လည်း သတိပေးပါတယ်။ တရုတ်စစ်တပ်က SU-35 နဲ့ S-400 မြေပြင်က ဝေဟင်ပစ် ဒုံးကျည်တွေကို ရုရှားကနေ ဝယ်တာဟာ အမေရိကန်က ရုရှားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်မှုကို ချိုးဖောက်တာ ဖြစ်တယ်လို့ အမေရိကန် အစိုးရက ကြာသပတေးနေ့မှာ ပြောပါတယ်။ ယူကရိန်းကို ကျူးကျော်မှုနဲ့ ၂ဝ၁၆ အမေရိကန် ရွေးကောက်ပွဲကို စွက်ဖက်မှုတွေ အတွက်လို့ စွပ်စွဲရင်း အမေရိကန်က ရုရှားကို စီးပွားရေး ဒဏ်ခတ်ထားပါတယ်။ ဒါပေမယ့် တရုတ်အစိုးရကတော့ ဒီဒဏ်ခတ်မှုကို ဖျက်သိမ်းမပေးရင် အမေရိကန်အတွက် နောက်ဆက်တွဲတွေ ရင်ဆိုင်ရဖို့ ရှိတယ်လို့ သောကြာနေ့မှာ သတိပေးခဲ့ပါတယ်။ အမေရိကန်ဘက်က ကြောင်းကျိုးမဆီလျော်တဲ့ လုပ်ရပ်အတွက် တရုတ်က ပြင်းပြင်း ထန်ထန် ဒေါသထွက်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဂံရှောင်းက သတင်းထောက်တွေကို ပြောပါတယ်။ ရုရှား ဒု နိုင်ငံခြားရေးဝန်ကြီး ဆာဂီလ် ရိုင်းယတ်ကော့ဗ်က အမေရိကန်ဟာ မီးနဲ့ ကစားနေတယ်လို့ သတိပေးပါတယ်။ ဒီလုပ်ရပ်ဟာ ကမ္ဘာ့တည်ငြိမ်မှုကို တရုတ်နဲ့ ရုရှားက လှိုက်စားအောင်လုပ်ဖို့ ရည်ရွယ်တာလို့လည်း ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up