A d v e r t i s e m e n t With Us

မြန်မာယူ ၁၆ အမျိုးသမီးအသင်း နီပေါကို ၁၁ ဂိုး ၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရ

နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့မှာ ဒီနေ့ညနေယှဉ်ပြိုင်ကစားခဲ့တဲ့  အေအက်ဖ်စီ ယူ-၁၆ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပထမအဆင့် ခြေစစ်ပွဲမှာ မြန်မာအမျိုးသမီးလက်ရွေးစင် ယူ-၁၆ အသင်းက နီပေါအသင်းကို ၁၁ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိသွားပါတယ်။ မြန်မာအသင်းဟာ ပထမပိုင်းမှာ ၁၀ ဂိုးနဲ့ ဒုတိယပိုင်းမှာ ၁ ဂိုးသွင်းယူခဲ့တာဖြစ်ပြီး နီပေါအတွက် ချေပဂိုး ၁ ဂိုးကိုတော့ ပွဲချိန် ၇၄ မိနစ်မှာ သွင်းယူခဲ့တာပါ။ မြန်မာအမျိုးသမီးလက်ရွေးစင် ယူ-၁၆ အသင်းဟာ ခြေစစ်ပွဲပထမပွဲစဉ်မှာ မလေးရှား ယူ-၁၆ အသင်းကို ၃ ဂိုးပြတ် အနိုင်ရထားပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုအီးမှာ နီပေါ၊ ဖိလစ်ပိုင်၊ မလေးရှားတို့နဲ့ တအုပ်စုတည်း ကျရောက်ခဲ့တာဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဖိလစ်ပိုင်နဲ့ စက်တင်ဘာ ၂၃ ရက်နေ့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ ပထမအဆင့် ခြေစစ်ပွဲစဉ်တွေကို အုပ်စု ခြောက်ခုခွဲ ယှဉ်ပြိုင်နေတာဖြစ်ပြီး အုပ်စု တခုစီက ထိပ်ဆုံး ၆ သင်းနဲ့ အကောင်းဆုံး အုပ်စု ဒုတိယ ၂ သင်း၊ စုစုပေါင်း ၈ သင်း နောက်တဆင့်အဖြစ် ဒုတိယအဆင့် ခြေစစ်ပွဲ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်ခြေစစ်ပွဲကို လေးသင်းနှစ်အုပ်စုခွဲ ယှဉ်ပြိုင်မှာဖြစ်ပြီး အုပ်စု တခုစီက ထိပ်ဆုံးနှစ်သင်းစီ နောက်ဆုံးအဆင့် ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ လက်ရှိ ခြေစစ်ပွဲဝင်စရာမလိုဘဲ နောက်ဆုံးအဆင့်ကို တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရတဲ့ အသင်း ၄ သင်းကတော့ အိမ်ရှင် ထိုင်းအသင်း၊ လက်ရှိချန်ပီယံ မြောက်ကိုရီးယားအသင်း၊ ဒုတိယဆုရှင် တောင်ကိုရီးယားနဲ့ တတိယဆုရှင် ဂျပန်အသင်းတို့ ဖြစ်ကြပါတယ်။ အာရှ ယူ-၁၆ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကို လာမယ့် ၂ဝ၁၉ ခုနှစ် ထိုင်းနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up