Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် ၂ ဦးကို လွှတ်ပေးရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
အောင်သူ
·
September 21, 2018
ဖမ်းဆီးထောင်ချခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို  လွတ်ငြိမ်းခွင့်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းပြောဆိုခဲ့တယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက  ပြောပါတယ်။ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စက်တင်ဘာ ၂၀ ရက်နေ့က နေပြည်တော်မှာ  တွေ့ဆုံတုန်းမှာ ရိုက်တာသတင်းထောက်တွေအရေးကို ထည့်သွင်း ပြောဆိုခဲ့တာပါ။ နိုင်ငံခြားရေးဝန်ကြီး ဟန့်က “ရိုက်တာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချထားတဲ့အပေါ် အရမ်းစိုးရိမ်ပူပန်မိပါတယ်။ ဗြိတိသျှသံရုံးအနေနဲ့လည်း အဲဒီအမှု ရုံးချိန်းအများစုကို တက်ရောက်လေ့လာခဲ့ပါတယ်။ ကျနော်တို့ဟာ  ကမ္ဘာပေါ်မှာ သတင်းလွတ်လပ်ခွင့်ကို ယုံကြည်ထောက်ခံသူတွေ ဖြစ်ပါတယ်။ ဒီအမှုမှာ ဥပဒေနဲ့အညီ လုပ်ဆောင်တာမျိုး မရှိဘူးဆိုတဲ့ ကျနော့် စိုးရိမ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြခဲ့ပါတယ်။ သူကလည်း အဲဒီအပေါ်မှာ စိစစ်သွားမယ်လို့ ပြောပါတယ်” လို့ပြောပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟာ တပ်မတော် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ခွင့်တောင်းခဲ့ ပေမယ့်လည်း တွေ့ခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဟာ ၂ ရက်ကြာ မြန်မာပြည် ခရီးစဉ်အတွင်းမှာ အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။ အလားတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကလည်း ရိုက်တာ သတင်းထောက်တွေကိုလွှတ်ပေးဖို့  တိုက်တွန်းလိုက်ပါတယ်။ “သတင်းထောက်တွေ သူတို့ အလုပ်ကို သူတို့လုပ်ရင်း ထောင်ချခံရတာဟာ လက်ခံနိုင်စရာ မရှိသလို အစိုးရအနေနဲ့ သူတို့ကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးပြီး လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”လို့ ဂူတာရက်စ်က ပြောပါတယ်။ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ရခိုင်ပြည်နယ်၊ အင်းဒင်ရွာ လူသတ်မှုအကြောင်း သတင်းဆောင်းပါး ရေးသားဖို့ သတင်းလိုက်ရင်း ၂၀၁၇ ဒီဇင်ဘာလက ဖမ်းဆီးခံရတာပါ။ တရားရုံးကတော့ သူတို့ကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး   ထောင်ဒဏ် ၇ နှစ်ချတ်ထားတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024