အိန္ဒိယ-မြန်မာနှစ်နိုင်ငံ အရပ်ဘက်အဖွဲ့များ တမူးမြို့တွင်ပထမဆုံးအကြိမ်တွေ့ဆုံ

အိန္ဒိယ-မြန်မာ နယ်စပ်နေ နှစ်နိုင်ငံ ပြည်သူတွေအတွက် ငြိမ်းချမ်းတဲ့ ဒေသဖြစ်စေဖို့၊ အတူတကွယှဉ်တွဲနေနိုင်ဖို့နဲ့ ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေဖို့အတွက် ရည်ရွယ်ပြီး နှစ်နိုင်ငံ အရပ်ဘက်အဖွဲ့အစည်းတွေ တာဝန်ရှိသူတွေ  တမူးမြို့မှာ ဒီကနေ့ တွေ့ဆုံပါတယ်။ ဒီဆွေးနွေးပွဲကို ဦးဆောင်ကျင်းပတဲ့ တမူးလူငယ်ကွန်ရက်က ကိုအောင်သူချမ်းက “နယ်စပ်ဆိုပေမယ့် တမြေထဲမှာ နေတဲ့အတွက် တဖက်နဲ့တဖက် ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြဖို့က အဓိကရည်ရွယ်ချက်တွေပါ။  တမူးမှာ ပထမဆုံး ကျင်းပပြီး နောက်လည်းဆက်ပြီး သူတို့ဘက်မှာလည်း ကျင်းပမယ်၊ ကျနော်တို့ဘက်ကလည်း ကျင်းပမယ်ဆိုရင် နှစ်နိုင်ငံ ရင်းနှီးမှုတွေရလာမယ်၊ လူငယ်များ မူးယစ်ဆေးဝါးပြဿနာနဲ့ အခြားလူမှုပြဿနာတွေ အဖြေရှာဆောင်ရွက်ကြမယ်” လို့ ပြောပါတယ်။ ဒါ့အပြင် စက်တင်ဘာ ၁၇ ရက်နေ့က အိန္ဒိယ-မြန်​မာနယ်​စပ်​ အမှတ် ၁ ဂိတ်​နဲ့ ၂ ဂိတ်​အကြား ပဲတန်းပေါက်အနီး ခိုက်​ရန်​ဖြစ်​ပွားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးလည်း ဒီကိစ္စဟာ လူနှစ်ယောက်ရဲ့ ပြဿနာသာ ဖြစ်ပြီး နိုင်ငံနှစ်နိုင်ငံရဲ့ ပြဿနာမဟုတ်ဘူးလို့လည်း ဆွေးနွေးပွဲ တက်ရောက်လာသူတွေက ပြောပါတယ်။ အိန္ဒိယအရပ်ဘက်အဖွဲ့အစည်းဝင် မိုဟန်က “အဲ့ဒီပြဿနာကို နိုင်ငံပြဿနာလို့ ယူဆကြပါနဲ့၊ အဲဒီပြဿနာနဲ့ ပတ်သက်လို့ ကျနော်တို့စိတ်ထဲမှာ ဘာမှမရှိဘူးဆိုတာကို ကျနော်တို့ပြတယ်။ နောက်ထပ်ဘာအကူအညီရှိရင်လည်း ကျနော်တို့ကိုပြောပါ။ ကျနော်တို့ လုပ်ပေးမယ်။ ဒီဘက်ကကြိုဆိုမှုအတွက်လည်း ကျနော်တို့ သိပ်ဝမ်းသာတယ်။ ဒါဟာ သမိုင်းမှာ အဖွဲ့အစည်းနှစ်ခု ပထမဆုံးတွေ့ဆုံပွဲဖြစ်တဲ့အတွက် သိပ်ဝမ်းသာပါတယ်'' လို့ပြောပါတယ်။ ဒီကနေ့ တွေ့ဆုံပွဲကို တမူးအရပ်​ဘက်​အဖွဲ့အစည်း ၃၅ ဖွဲ့နဲ့ မိုရေးအရပ်​ဘက်​အဖွဲ့အစည်း ၅ ဖွဲ့ တက်​​ရောက်​ခဲ့ပြီး ဖိတ်ကြားထားသူ သူဦးရေ ၂၀၀  လောက်တက်​​ရောက်​ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up