မန္တလေးတိုင်း အောင်မြေသာဇံမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်
အေးနိုင်
·
August 13, 2012
မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ်ထဲမှာ ဒီနေ့မနက် ၈ နာရီခွဲလောက်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တဲ့အတွက် သုံးနှစ်သားတဦးနဲ့ လူငယ်တဦး ဆေးရုံတက် ကုသနေရပါတယ်။
[caption id="attachment_29146" align="alignleft" width="300" caption="သက်ဆိုင်ရာက စစ်ဆေးနေစဉ်"][/caption]
ညောင်ကွဲရပ်ကွက် အမှိုက်ပုံကနေ ကောက်ယူရရှိတဲ့ ပစ္စည်းတွေကို ထုရိုက်ရာက ပေါက်ကွဲတာဖြစ်ပြီး ဒဏ်ရာရသူနှစ်ဦးစလုံး အသက်အန္တရာယ် စိုးရိမ်ရဖွယ် မရှိဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
“ပေါက်ကွဲတာက ပိုက်လိုပုံစံမျိုးရဲ့ ထိပ်မှာ သံပြားတပ်ထားတဲ့ဟာကို ထုလိုက်တဲ့အခါကျတော့ ပထမတော့ မီးခိုးတွေ ထွက်လာပြီးတော့ ပေါက်ကွဲတယ်။ ပေါက်ကွဲတာကလည်း သိပ်မပြင်းထန်ဘူး။ ၃ နှစ်သားလေးက မျက်စိနားနှာခေါင်း လည်ချောင်းဆေးရုံမှာ တင်ထားရတယ်။ ၂၈ နှစ်အရွယ် လူငယ်တယောက်ကတော့ လက်ဖျံရိုးမှာ ဒဏ်ရာ ရသွားတယ်လို့ပြောတယ်။ မစိုးရိမ်ရဘူးလို့ ပြောပါတယ်။ မျက်နှာက ပါးနဲ့ လည်ပင်းနားလေး ထိသွားတယ်။”
အောင်မြေသာဇံမြို့နယ်ရဲကို မေးမြန်းရာမှာ တိုင်းတာဝန်မှူးရုံးက ခွင့်ပြုချက်မရလို့ ဖြေဆိုခွင့်မရှိဘူးလို့ ပြောပါတယ်။
ဒီပေါက်ကွဲမှုဖြစ်စဉ်ကို မန္တလေးမြို့တော်ဝန်၊ စစ်ဘက်နဲ့ ရဲဘက်က တာဝန်ရှိသူတွေ လာရောက် ကြည့်ရှုစစ်ဆေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။