Home
မြန်မာသတင်း
ကုလအစီရင်ခံစာ နိုင်ငံပြိုကွဲရေးကို အားပေးသည့်သဘောဖြစ်နေဟု မြန်မာတုံ့ပြန်
DVB
·
September 21, 2018
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာကို လက်မခံကြောင်းနဲ့ ဒီအစီရင်ခံစာဟာ တိုင်းရင်းသားလူမျိုးတွေအကြား သဘောထား ကွဲလွဲစေပြီး၊ နိုင်ငံပြိုကွဲရေးကို အားပေးနေတဲ့ သဘော သက်ရောက်နေတယ်လို့ မြန်မာအစိုးရ တုံ့ပြန်လိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ စက်တင်ဘာ ၁၈ ရက်က ကျင်းပတဲ့ လူ့အခွင့်အရေး ကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ ဆွေးနွေးပွဲမှာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့တာပါ။ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးထားတဲ့ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ကို ၂ဝ၁၇ မတ်လမှာ  စတင်ဖွဲ့စည်းခဲ့စဉ်ကတည်းက မြန်မာနိုင်ငံက လက်မခံခဲ့ကြောင်းနဲ့ ဒီအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်နဲ့ ရှာဖွေတွေ့ရှိချက်တွေကို လက်ခံသွားမှာ မဟုတ်ဘူးလို့ သံအမတ်ကြီးက ပြောပါတယ်။ အချက်အလက်ရှာအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေဟာ သမာသမတ် မရှိနိုင်သကဲ့သို့ ရခိုင်ပြည်နယ်အရေး ရေရှည်တည်တံ့မယ့် အဖြေရရှိဖို့အတွက် အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အဟန့်အတား ဖြစ်လာနိုင်တယ်၊ ဒီအဖွဲ့ရဲ့ တစ်ဖက်သတ် အစီရင်ခံစာဟာ ရခိုင်ပြည်နယ်ရှိ လူမှုအသိုင်းအဝိုင်းတွေ ပေါင်းစည်းနေထိုင်မှုကို ပျက်ပြားစေရုံမက နိုင်ငံတဝန်း ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်နေမှုတွေကိုပါ ထိခိုက်စေနိုင်တယ်လို့ မြန်မာသံအမတ်က ပြောပါတယ်။ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်မှာ တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ပြစ်တင်ဝေဖန်ထားတဲ့ စာမျက်နှာ ၄၄ဝ ကျော်ပါ အစီရင်ခံစာကို ကုလသမဂ္ဂ အချက်အလက်ရှာအဖွဲ့က ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အချက်အလက်ရှာအဖွဲ့ ဥက္ကဋ္ဌ မာဇူကီ ဒါရူစမန်းကလည်း မြန်မာကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော် ခေါင်းဆောင်ပိုင်းအားလုံးကို ဖယ်ရှားပြီး အစားထိုးဖို့၊ တပ်မတော်ကို အရပ်သားအုပ်ချုပ်မှု အောက်မှာ အပြည့်အဝထားဖို့တွေ တိုက်တွန်းထားတာဖြစ်ပါတယ်။ မြန်မာသံအမတ်ကြီးကတော့ ကုလအစီရင်ခံစာရဲ့ သမာသမတ်ကျမှုနဲ့ ဓမ္မဓိဋ္ဌာန်ကျမှုကို မေးခွန်းထုတ်ဖို့ သိသာထင်ရှားတဲ့ အကြောင်းပြချက်များစွာ ရှိနေတယ်၊ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးတွေနဲ့ ပတ်သက်လို့ ဖော်ညွှန်းထားတာဟာ  အထင်မြင် လွဲမှားမှုကို ဖြစ်စေသလို ပေါင်းစည်းညီညွတ်ရေးကို အားပေးရမယ့်အစား တိုင်းရင်းသား လူမျိုးတွေအကြား သဘောထားကွဲလွဲစေပြီး၊ နိုင်ငံပြိုကွဲရေးကို အားပေးနေတဲ့ သဘော သက်ရောက်နေတယ်လို့ တုံ့ပြန်ပြောပါတယ်။ ဒါ့အပြင် အစီရင်ခံစာမှာ အားနည်းချက်တွေရှိနေသလို စွပ်စွဲချက်တွေဟာလည်း အာဆာအကြမ်းဖက်အဖွဲ့ရဲ့ ခြိမ်းခြောက်ခံနေသူတွေရဲ့ နှုတ်ထွက်စကားတွေ အပေါ်မှာသာ အခြေခံထားပြီး၊ ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိဘူးလို့ သံအမတ်ကြီးက ထောက်ပြ ဝေဖန်ပါတယ်။ အစီရင်ခံစာမှာ  မြန်မာ့ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်ကို လမ်းလွဲစေနိုင်တဲ့ အန္တရာယ်ရှိတဲ့ ကောက်ချက်တွေ အလျင်စလို ချမှတ်ထားတာတွေ့ရှိရတယ်၊ ခုအချိန်ဟာ မြန်မာနိုင်ငံအနေနဲ့ ငြိမ်းချမ်းသာယာဝပြောတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရာမှာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ကာလ ဖြစ်တယ်၊  နိုင်ငံစည်းလုံးညီညွတ်မှု ပျက်စီးစေဖို့ ကြိုးပမ်းမှုဟူသမျှကို ပြင်းထန်စွာကန့်ကွက်တယ်၊ အပြုသဘောမဆောင်တဲ့ ဆောင်ရွက်ချက်တွေနဲ့ ပြစ်ဒဏ်ပေးဖို့ ဦးတည်တဲ့ လုပ်ရပ်တွေဟာ အသိုက်အဝန်းတွေအကြား ပိုမိုကွဲပြားမှုကိုသာ ဖြစ်စေပြီး ပြဿနာရဲ့ အခြေအနေကို ပိုမိုဆိုးရွားစေမယ်လို့ မြန်မာသံမတ်က သတိပေးပြောသွားပါတယ်။ အဖွဲ့ဝင် သုံးဦးပါ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက်ရှာအဖွဲ့ဟာ လူပေါင်း ၈၇၅ ဦးကို နိုင်ငံ ၅ နိုင်ငံမှာ လူတွေ့မေးမြန်းခဲ့ပြီး ရရှိတဲ့ အချက်အလက်တွေကို အခြေခံကာ ဒီအစီရင်ခံစာကို ပြုစုရေးသားထုတ်ပြန်လိုက်တာပါ။ ဒီအစီရင်ခံစာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် တပ်မတော်ထိပ်တန်း အရာရှိတွေကို လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ အိုင်စီစီတရားရုံးမှာ တရားစွဲဖို့လည်း ထပ်မံတိုက်တွန်း နှိုးဆော်ထား ပါတယ်။ ဓာတ်ပုံ-UNHRC
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024